BREAKING
December 22, 2024

တနင်္သာရီ၊ လယ်သစ်နှင့်သိန္ဓောရွာကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်

October 26, 2024

တနင်္သာရီမြို့နယ် လယ်သစ်ရွာနှင့် သိန္ဓောရွာများဘက်ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၆) နေ့လယ်ပိုင်းတွင် လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံကသိရသည်။

ယခုရက်ပိုင်းအတွင်း အဆိုပါကျေးရွာများတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်တွင် ဂျက်ဖိုက်တာ အပါအဝင် လေယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ခံ ရဲဘော်မျိုးကြီးကပြောသည်။

“လယ်သစ်မှာတော့ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီး ထိခိုက်ဒဏ်ရာရထားတယ်။ နည်းနည်းတော့ ဒဏ်ရာများကြတယ် ” ဟု ထိခိုက်မှုအခြေအနေကို ၎င်းကပြောပြသည်။

စစ်ကောင်စီ ၏ လေကြောင်းလှုပ်ရှားမှုများကို ကင်းထောက်နေသည့် EAR တယ်လီဂရမ်ချန်ကလည်း ယနေ့ အောက်တိုဘာလ ၂၆ ရက် နေ့လယ် ၁၁ နာရီနှင့် ၁၂ နာရီအကြားတွင် မြိတ်လေတပ်မှ K8-W ဂျက်ဖိုက်တာ ၁ စီးနှင့် Mi-2 Light Attack ရဟတ်ယာဥ် ၁ စီး တောင်ဘက်သို့ ပျံတက်ခဲ့ကြောင်း ဖော်ပြထားသည် ။

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရှိရသေးပဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။