BREAKING
January 22, 2025

လောင်းလုံးက အမှောင်မိုက်ဆုံး သီတင်းကျွတ်

October 26, 2024

ပွင့်လင်းရာသီအစ ပွဲလမ်းသဘင်များဖြင့် ကလေး၊ လူကြီးမရွေး ပျော်ရွှင်ကြရသည့် သီတင်းကျွတ်ကာလ၊ ဆီမီးထိန်ထိန်လင်းသည့်ကာလ၊ ဗျောက်အိုး၊ ရှူးဒိုင်းတို့ဖြင့် ကလေးများ ပျော်ရွှင်ကြရသည့်ကာလ။

သို့သော် လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများတွင်မူ ရွာလုံးကျွတ်အမှောင်ကျနေပြီး ဗျောက်အိုးသံများအစား လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ ကျေးရွာလမ်းမများတွင် လူမရှိတော့။

ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းလေ့ရှိသည့် ကျေးလက်ဒေသများ၏ သီတင်းကျွတ်ကာလကို စစ်ကောင်စီစစ်ကြောင်းက အနိဋ္ဌာရုံများဖြင့် ဖုံးလွှမ်းစေခဲ့သည်။

ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်သို့ စတင်ဝင်ရောက်လာသည့်နေ့မှာ သီတင်းကျွတ်ပွဲတော်ကျင်းပရန် သုံးရက်အလို အောက်တိုဘာလ ၁၃ ရက်နေ့ဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းက လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများသို့ ၈ ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာရာတွင် ဒေသခံများကို ဖမ်းဆီးမှုများ၊ နှိပ်စက်သတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့မှုများလည်း လုပ်ဆောင်ခဲ့သည်။

စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်ကာလအတွင်း သေဆုံးသူဒေသခံ ငါးဦးရှိပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်အမြောက်အများကို ရိုက်ဖျက်ကာ အသုံးအဆောင်၊ စားသောက်ကုန်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မယူဆောင်သွားခဲ့သည်။



ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန် ကျေးရွာတို့မှ ဒေသခံထောင်ချီ စစ်ဘေးရှောင်ခဲ့ရသလို
ရာနှင့်ချီသည့် ဒေသခံများဖမ်းဆီးခံခဲ့ရပြီး အများစုပြန်လွတ်လာသော်လည်း ပြန်မလွတ်ဘဲ ဖမ်းဆီးခံထားရဆဲ ဒေသခံဆယ်ဦးခန့်ရှိနေသေးသည်။

အနိဋ္ဌာရုံများဖြင့် သီတင်းကျွတ်

ယခုနှစ် ဇူလိုင်လ လလယ်ပိုင်းက လောင်းလုံးမြို့ အောက်ဘက်ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် သုံးလတင်းတင်းပြည်ခါနီးတွင် နောက်တစ်ကြိမ် စစ်ကြောင်းထိုးလာပြန်သည်။

အောက်တိုဘာလသည် ပွင့်လင်းရာသီအစ ဖြစ်သည်နှင့်အညီ ပွဲလမ်းသဘင်များဖြင့် စည်ကားသလို သီတင်းကျွတ်မီးထွန်းပွဲတော်၊ ကထိန်ခင်းအလှူပွဲများ ကျင်းပသည့် အချိန်လည်းဖြစ်သည်။

သို့သော် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမှုကြောင့် သီတင်းကျွတ်ကာလတွင် ဒေသဓလေ့ ဆွမ်းကြီးတင်ပွဲအတွက် မုန့်ဆီလုံးကြော်ရန် လုပ်ထားသူများလည်း ပစ်လိုက်ကြရသည့်အပြင် နေအိမ်တွင်ပင် ဆီးမီးထွန်းပူဇော်ခွင့်ပင် မရကြတော့။

အောက်တိုဘာလ ၁၆ ရက် ဆိုးရွားသော ဖြစ်စဉ်များ၏ အစနေ့ဟုဆိုရမည့် သီတင်းကျွတ် ပထမနေ့တွင်မူ သတ်ဖြတ်ခံရမှုကြောင့် ဒေသခံ သုံးဦးသေဆုံးခဲ့သလို ဒဏ်ရာရသူများလည်း အပြားအများရှိခဲ့သည်။



ထိုနေ့က စစ်ကောင်စီစစ်ကြောင်းမှာ အောက်ရေဖြူကျေးရွာသို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့် ကဒက်ငယ်ထိန်ကျေးရွာအနီး တောထဲတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။



ယင်းနောက် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ စခန်းတစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ပြီး ကဒက်ငယ်ထိန်ရွာထဲ ရောက်ရှိလာခဲ့သည်။



ရွာထဲရောက်ရှိလာသည့် စစ်ကောင်စီတပ်က အသက် ၃၅ နှစ်အရွယ် ကဒက်ငယ်ထိန်ရွာသား ကိုမင်းအောင် (ခ) ကိုကန်းကန်းအား အောက်ရေဖြူရွာနှင့် ကဒက်ငယ်ထိန်ကြားရှိ ဘု‌ရားတောင်ခြေတွင် ပစ်သတ်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် ကဒက်ငယ်ထိန်ရွာသူ အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်မြင့် (ခ) ဒေါ်မငယ်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။



ဆုတ်သွားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်စဉ် ကျန်းမာရေးမကောင်းသဖြင့် နေအိမ်တွင်အိပ်နေသည့် ဒေါ်မငယ်အား ကျည်ဆန်ထိမှန်သွားခဲ့ပြီး နောက်တစ်ရက် အောက်တိုဘာလ ၁၇ ရက်တွင် ယင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။



ထို့အတူ အောက်ရေဖြူကျေးရွာဈေးအနီးတွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ‌နှလုံးရောဂါရှင် ဒေါ်သက်သက်မှာလည်း ပစ်ခတ်သံများကြောင့် နှလုံးဖောက်ကာ နေအိမ်အနီး လမ်းမထက်တွင် လဲကျသေဆုံးသွားခဲ့သည်။



ထိုနေ့တွင်ပင် အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုကို ကို စစ်ကောင်စီတပ်က နေအိမ်တွင် ဖမ်းဆီးသွားခဲ့သည်။

အလောင်းခိုးသယ်ပြီး သင်္ဂြိုဟ်

စစ်ကြောင်းဝင်နေသည့်ကာလအတွင်း ညင်းမော်ရွာက အသုဘတစ်ခုကို ထူးထူးဆန်းဆန်း သင်္ဂြိုဟ်ခဲ့ရသည်။



စစ်ကောင်စီတပ်မှာ ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားပြီး ရွာအနှံ့ ဖြန့်ကျက်ထားသည့်အချိန်ဖြစ်သည်။



အသုဘအခမ်းအနားပြင်ဆင်မည့် ပစ္စည်းများမှာ စစ်ကောင်စီတပ်တပ်စွဲထားသည့် ညင်းမော်ဘုန်းကြီးကျောင်းအနီးက နာရေးကူညီမှုရုံးတွင်ရှိလေရာ မည်သို့မျှ သွားယူမရပေ။



ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာနှင့် မနီးမဝေးတွင် ရှိနေရာ အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်သည်။



အကယ်၍ တိုက်ပွဲဖြစ်ပွားလာပါကလည်း ညင်းမော်သင်္ချိုင်းအနီးအနားတွင် ဖြစ်နိုင်ခြေရှိနေသည်။



ထိုကဲ့သို့အခြေအနေတွင် ညင်းမော်ရွာရှိ အလောင်းကို တောလမ်းအတိုင်း ဆိုင်ကယ်ဖြင့်တိတ်တဆိတ် သယ်ထုတ်သွားပြီး စစ်ပြဲသင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ရသည်။



ထိုနည်းတူစွာပင် ကဒက်ငယ်ထိန်ရွာတွင် စစ်ကောင်စီက ပစ်သတ်ထားသည့် ဒေသခံ သုံးဦး၏ ‌အလောင်းများကိုလည်း စစ်ကောင်စီစစ်ကြောင်း မရှိသည့်အချိန် အရဲစွန့်အလောင်းကောက်ကာ သင်္ဂြိုဟ်ပေးခဲ့ရသည်။



ထိုသူသုံးဦးကို အသုဘပို့မည့် ပရိသတ်မရှိဘဲ ဘုန်းကြီးတစ်ပါး၊ ကန်တော့ပွဲတစ်ခုဖြင့် ဒေသခံနာရေးအဖွဲ့က သင်္ဂြိုဟ်ပေးခဲ့ရခြင်းဖြစ်သည်။



အလောင်းကောက်နေချိန် စစ်ကောင်စီစစ်ကြောင်း သို့မဟုတ် ကင်းပုန်းဝပ်အဖွဲ့နှင့် တိုးမိပါက အရဲစွန့်အလောင်းကောက်အဖွဲ့လည်း သက်သာမည်မဟုတ်ပေ။

ရက်ရက်စက်စက် အသတ်ခံထားရသူ

စစ်ကောင်စီစစ်ကြောင်းမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြန်ဆုတ်သွားခဲ့သည်။

စစ်ကောင်စီတပ်ဆုတ်သွားပြီးနောက် ၎င်းတို့တပ်စွဲထားခဲ့သည့် ညင်းမော်ဘုန်းကြီးကျောင်းနှင့် သင်္ချိုင်းကုန်းကြားတွင် ၎င်းတို့သတ်ဖြတ်ကာ မြေမြှုပ်အလောင်းစွန့်ပစ်ခဲ့သည့် နေရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။

တူးဖော်ကြည့်ရာမှာ အသက် ၂၅ နှစ်အရွယ် လူငယ်နှစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ လည်လှီးသတ်ဖြတ်ထားခြင်း ဖြစ်သည်ကို တွေ့ခဲ့ရသည်။

ညှင်းပန်းရိုက်နှက် နှိပ်စက်ထားသဖြင့် ခန္ဓာကိုယ်အနှံ့တွင်လည်း ဖူးရောင်ညိုမည်းဒဏ်ရာ အများအပြားကိုလည်း တွေ့ရှိခဲ့ရသည်။

ယင်းလူငယ်အလောင်းနှစ်လောင်းအနက် တစ်လောင်းမှာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသော ကဒက်ငယ်ထိန်ရွာသား အသက် ၂၅ နှစ်အရွယ် ကိုမျိုးကိုကိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ကျန်တစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။

ကသောင်းကနင်း ကထိန်ပွဲများ

ဒေသခံများမှာ သီတင်းကျွတ်ကာလ သုံးရက်ပြည့်ပြီး နောက်တစ်ရက်တွင် ကထိန်ခင်းပွဲများ ကျင်းပရန် စီစဉ်ထားကြသည်။ သို့သော်ကထိန်ပွဲများလည်း ဖျက်သိမ်းလိုက်ရပြီဖြစ်သည်။


အောက်တိုဘာလ ၁၃ ရက်နေ့က စတင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှာ သီတင်းကျွတ်ကာလ ပြီးဆုံးသွားသည့်တိုင် ဆုတ်ခွာခြင်းမရှိသေးပေ။

ညင်းမော်ဘုန်းကြီးကျောင်း၊ ဂေါ့အင်းစာသင်ကျောင်း၊ ရေဖြူတောထဲကျောင်း (ဘုန်းကြီးကျောင်း) တို့တွင် ညဘက် အလှည့်ကျတပ်စွဲနေထိုင်ပြီး နေ့ဘက်တွင်မူ ရွာအတွင်းဝင်ကာ မွှေနှောက်ဖျက်ဆီးမှုများ ရက်ဆက်ပြုလုပ်ခဲ့သည်။



စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့်လည်း မကြာခဏ ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားနေသလို လက်နက်ကြီးကျည်ဆန်များမှာလည်း ရွာတွင်းလမ်းမ၊ ဘုန်းကြီးကျောင်းများအတွင်း ကျရောက်ပေါက်ကွဲနေကြသည်။



ထိုကြောင့် ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်း၊ အောက်ရေဖြူအပါအဝင် အနီးနားရှိ ကျေးရွာ ရှစ်ရွာက ကထိန်ပွဲအချို့ ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ခြင်းတို့ ပြုလုပ်လိုက်ရသည်။

အောက်တိုဘာလ ၂၀ ရက်တွင် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ဖျက်သိမ်းလိုက်သည့် ကထိန်ပွဲများ ပြန်ကျင်းပနေကြသော်လည်း ကသောင်းကနင်းဖြစ်နေကြသည်။



“ဖုန်းဆက်ဆက်ပြီး မေးနေရတယ်။ အလှူဘယ်နေ့လဲ ဘယ်နေ့လဲဆိုပြီး။ ဖိတ်စာထဲမှာနေ့နဲ့ တကယ့် အလှူလုပ်တဲ့နေ့က မတူတော့ ဗျာပါများနေကြတာပေါ့” ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း စဝင်လာပြီး နောက်တစ်ရက်တွင် စတင်ပျက်သွားသည့် လျှပ်စစ်မီးမှာ စစ်ကြောင်း ပြန်ထွက်သွားသည့်နေ့မှသာ ပြန်လည်ရရှိခဲ့သည်။




လျှပ်စစ်မီးမရှိသဖြင့် ဖုန်းအားသွင်းရန်ပင် ခက်ခဲခဲ့ကြပြီး အဆက်အသွယ်များလည်း ပြတ်တောက်သွားခဲ့ကြခြင်းဖြစ်သည်။

ဒရုန်းကိုအားပြုလာသည့် စစ်ကောင်စီ

စစ်ကောင်စီက စစ်ကြောင်းထိုးရာတွင် ယခင်ကနှင့်မတူဘဲ ဒရုန်းများအသုံးပြုခဲ့ကြောင်းတွေ့ရသည်။

စစ်ကြောင်းနှင့်အတူ နည်းပညာမြင့် ဒရုန်းသုံးစီးထက်မနည်း သယ်ဆောင်လာကြပြီး ဒရုန်းအသုံးပြု စစ်ဆင်ရေး လုပ်ဆောင်ခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညင်းမော်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားချိန် မြေသယ်ကားဖြင့် တင်ဆောင်လာသည့် ဒရုန်သုံးစီးကို တပ်ဆင်ပြီး လွှတ်တင်လိုက်ကြောင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ မျက်မြင်တွေ့သူတို့က ပြောဆိုသည်။

ထိုစစ်ကောင်စီဒရုန်းမှာ အလျားတစ်လံကျော် (၆ ပေကျော်) ရှည်လျာပြီး တစ်ကြိမ်လျှင် ၆၀ မမ ဗုံးသီးလေးလုံးအထိ သယ်ဆောင်‌နိုင်ကြောင်း ၎င်းတို့ကပြောသည်။



စစ်ကောင်စီတပ်သည် ဒရုန်းဖြင့်ကင်းထောက်ခြင်း၊ ဗုံးသီးချခြင်းတို့ကို ပြုလုပ်ပြီးမှ စစ်ကြောင်းထိုးလေ့ရှိကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ကလည်း အတည်ပြုပြောဆိုသည်။



စစ်ကောင်စီတပ်က အရပ်သားနေအိမ်များကြားကိုလည်း ဒရုန်းဖြင့် ဗုံးချတိုက်ခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။



ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်ကလည်း ဒရုန်းဖြင့် တိုက်ခိုက်မှုရှိသော်လည်း စစ်ကောင်စီဘက်က ဂျန်ဘာ (ဆက်သွယ်ရေး ဖြတ်တောက်သည့်စက်) ဖြင့် ဖြတ်တောက်ထားသဖြင့် ထိရောက်မှုနည်းပါးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောဆိုသည်။

စစ်ကောင်စီတပ်ပြန်ဆုတ်သွားပြီးနောက် ၎င်းတို့အထိုင်ချတပ်စွဲခဲ့သည့် ညင်းမော်ဘုန်းကြီးကျောင်းဝင်း တစ်ခုတည်းတွင်ပင် ၆၀ မမ ဗုံးသီးအခွံ့ နှစ်ဆယ်ကျော်တွေ့ရှိခဲ့ရသည်။

စစ်ကြောင်းထိုးကာလ ရှစ်ရက်အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က လက်နက်ငယ်တစ်လက်ကို စစ်ကောင်စီတပ်က သိမ်းဆည်းခံရသည်မှအပ တပ်ဖွဲ့ဝင်များ ထိခိုက်၊ ဒဏ်ရာရသူ မရှိကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းထိုးလာမှုနှင့်ပတ်သက်ပြီး ဒေသခံများအကြားပြောဆိုနေကြသည့် အချက်နှစ်ချက်ရှိသည်။



ပထမတစ်ချက်မှာ အောက်တိုဘာလ ၇ ရက်နေ့က သန်းခေါင်စာရင်းကောက်ရာတွင် ပါဝင်သည့် Non CDM ဝန်ထမ်း ကိုးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့မှုကြောင့်ဟု ထင်ကြေးပေးကြသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည့် Non CDM ဝန်ထမ်းများမှာ ယနေ့အထိ ပြန်မလွတ်သေးသဖြင့် စစ်ကြောင်းပြန်ဝင်လာမည်ကို စိုးရိမ်နေကြသည့် ဒေသခံများရှိနေဆဲဖြစ်သည်။

ဒုတိယတစ်ချက်မှာ ထားဝယ်မြို့ပေါ်တွင်ကျင်းပမည့် သီတင်းကျွတ်ပွဲတော်၊ သပိတ်မျှောပွဲတော် တိုက်ခိုက်ခံရမည်စိုးသဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ဟု ခန့်မှန်းပြောဆိုကြသည်။

မည်သည့်အတွက် စစ်ကြောင်းထိုးကြောင်း မည်သူမျှတိတိကျကျမသိကြ‌ သို့သော် အပြစ်မဲ့ဒေသခံများ ဖြတ်သန်းခဲ့ရသည့် ယခုနှစ်သီတင်းကျွတ်ကတော့ အမှောင်မိုက်ဆုံးဖြစ်ခဲ့သည်။

No related posts found.