BREAKING
January 11, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

October 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ

အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကင်းလှည့်မှု သဘောတူညီမှုရ

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ဟိမဝန္တာဒေသက နယ်စပ်ဒေတလျှောက် စစ်တပ်ကင်းလှည့်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီသဘောတူညီချက်ကနေ နှစ်နိုင်ငံ နယ်စပ်မျဉ်းကြား ထိတွေ့ပစ်ခတ်မှုတွေ ထပ်မရှိလာဖို့ မျှော်လင့်ရတာပါ။

နှစ်နိုင်ငံကြား သံတမန်ရေးအရရော စစ်ရေးအရပါ အကြိမ်ပေါင်းများစွာ ညှိနှိုင်းခဲ့ပြီးတဲ့နောက် ရခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ကြား ဟိမဝန္တာဒေသမှာ ရှည်လျားတဲ့ နယ်နိမိတ်တွေ ရှိနေတာပါ။

ဒါပေမဲ့လည်း ဒီနယ်စပ်မှာချထားတဲ့ သောင်းနဲ့ချီတဲ့ နှစ်ဘက်စစ်တပ်တွေ ပြန်ဆုတ်ပေးဖို့ ရှိမရှိတော့ အိန္ဒိယနိုင်ငံခြားရေးဘက်က အတည်မပြုပါဘူး။

ဒီနယ်စပ်နားမှာ နှစ်နိုင်ငံက တပ်သားတွေ သောင်းနဲ့ချီ ချထားသလို တင့်ကားတွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့အပြင် ဂျက်တိုက်လေယာဉ်တွေပါရှိနေတာ ဖြစ်ပါတယ်။

Ref: DW

………………………………..

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ သား ဗြိတိန်မှာ နိုင်ငံရေးခိုလှုံ

စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့အငယ်ဆုံးသားလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်း လီဆင်းလွန်ရဲ့ ညီလည်းဖြစ်သူ Lee Hsien Yang က ဗြိတိန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့တယ်လို့ သိရပါတယ်။

သူက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းအရ ဗြိတိန်မှာ ဒုက္ခသည်အဖြစ်ခိုလှုံနေတယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောကြားလိုက်တာပါ။

စင်္ကာပူကိုပြန်ရင် သူ့အတွက် ဖိနှိပ်ခံရနိုင်သလို ဘေးကင်းလုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။

သူက ဘေးကင်းလုံခြုံဖို့အတွက် နိုင်ငံရေးခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုထိ စင်္ကာပူနိုင်ငံသားအဖြစ် ခံယူထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သူနဲ့ သူ့အမဖြစ်သူတို့က ကွယ်လွန်သူဖခင်ရဲ့အိမ်အမွေကိစ္စနဲ့ ပတ်သက်ပြီး အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း လီဆင်းလွန်နဲ့ သဘောထားကွဲလွဲမှုတွေရှိနေကြတာပါ။

နိုင်ငံကိုဘေးကင်းကင်းမပြန်နိုင်ဘူးဆိုတဲ့ သူ့ရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စင်္ကာပူအစိုးရကတော့ ငြင်းဆိုထားပါတယ်။

Ref: Aljazeera

………………………………..

အီရန်ကို အစ္စရေးက တိုက်ခိုက်မယ့် အစီအစဉ် ပေါက်ကြား

အီရန်ကိုတုံ့ပြန် တိုက်ခိုက်ဖို့အတွက် အစ္စရေးက ပြင်ဆင်နေပုံကို ဖော်ပြထားတဲ့ အဆင့်မြင့်လျှို့ဝှက် ထောက်လှမ်းရေးစာရွက်စာတမ်းတွေ ပေါက်ကြားမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

ပေါက်ကြားမှုနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး FBI က အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောကြားလိုက်တာပါ။

ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေး မိတ်ဖက်တွေနဲ့ အနီးကပ် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်မယ့်အစီအစဉ်ပေါက်ကြားသွားတာက ပရောဂကြောင့်လား အင်တာနက် ဖောက်ထွင်း ခိုးယူမှုကြောင့်လားဆိုတာ မဆုံးဖြတ်နိုင်သေးပါဘူးလို့ အိမ်ဖြူတော်က တုံ့ပြန်ထားပါတယ်။

အစ္စရေး လေတပ်နဲ့ ရေတပ်အခြေအနေကို အမေရိကန်ရဲ့ ယူဆချက်အတွက် တင်ပြဖို့ ပြင်ဆင်နေတဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားသွားခဲ့တာပါ။

National Geospatial-Intelligence Agency က ပြင်ဆင်နေတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပြီးတော့ Telegram မှာ ပြီးခဲ့တဲ့ အပတ်က ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ဘင်္ဂလားဒေ့ရှ်သမ္မတ နှုတ်ထွက်ပေးရေး ကျောင်းသားတွေ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်သမ္မတ ရှဟာဘူဒင်ကို နှုတ်ထွက်ပေးရေး ကျောင်းသားအဖွဲ့က အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အနားယူသွားတာနဲ့ ပတ်သက်ပြီး တရားဝင် စာကို မမြင်ခဲ့ရဘူးလို့ သမ္မတက ပြောကြားခဲ့လို့ တင်းမာမှုတွေ ဖြစ်လာခဲ့တာပါ။

စာကို လက်ခံရရှိခဲ့တယ်လို့ ဩဂုတ်လ ၅ ရက်တုန်းက သမ္မတကိုယ်တိုင် ပြောကြားခဲ့ပါသေးတယ်။

ရှေ့နောက် မညီတဲ့ သမ္မတစကားကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ရာချီနေတဲ့ ဆန္ဒပြသူတွေကတော့ မြို့တော် ဒါကာမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Ref: AP

………………………………..

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် အနည်းဆုံး ၂၀ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကို အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းခွဲကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

အောက်တိုဘာ ၂၄ ရက်နေ့က စတင်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ လူဇုံကျွန်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး ရေကြီးခဲ့ကာ မြေပြိုခဲ့ပါတယ်။

မုန်တိုင်းကြောင့် နိုင်ငံတဝန်းမှာ လေကြောင်းခရီးစဉ်ပေါင်းများစွာကိုလည်း ဖျက်ထားရပါတယ်။

မုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်းက ပြည်နယ်တွေမှာလည်း မိုးရွာသွန်းပြီး၊ ရေကြီးမြေပြိုမှုတွေနဲ့ ပင်လယ်လှိုင်းတွေမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: BBC

………………………………..

အင်ဒိုနီးရှားက ပင်လယ်ပြင်တိုင်းတာနေစဉ် တရုတ်သင်္ဘောက ဝင်နှောက်ယှက်

အင်ဒိုနီးရှားအစိုးရ စွမ်းအင်ကုမ္ပဏီ Pertamina ရဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ တိုင်းတာမှုတွေကို တရုတ်သင်္ဘောက တစ်ပတ်အတွင်း နှစ်ကြိမ် ဝင်နှောက်ယှက်ခဲ့ပါတယ်။

တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောတစ်စင်းကို ဒုတိယအကြိမ် မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာနက အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ EEZ စီးပွားရေးဇုန်ထဲမှာ တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောတွေကို အကြိမ်ပေါင်းများစွာ တွေ့နေရတာပါ။

အခုနှောက်ယှက်မှုကတော့ အင်ဒိုနီးရှားမှာ သမ္မတသစ် ပရာဘိုဝို စူဘီယန်နို တက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်နယ်နမိတ်နဲ့ ပက်သက်လို့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြား အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။

Ref: Bangkok Post

………………………………..

အမေရိကန်က ပါလက်စတိုင်းကို ဒေါ်လာ ၁၃၅ သန်း ထပ်ကူညီမယ်

အမေရိကန်က ပါလက်စတိုင်းပြည်သူတွေအတွက် နောက်ထပ် ဒေါ်လာ ၁၃၅ သန်း အကူအညီပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကူညီပေးရေးအစီအစဉ်ကို ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် Abdulrahman Al Thani နဲ့ ဒိုဟာမှာ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

လက်ဘနွန်မှာ ညှိနှိုင်းဆွေးနွေးနေရတဲ့ အနေထားကို ကြည့်ရင် တင်းမာနေဆဲဖြစ်ပြီး သံတမန်ရေးအရ အဖြေရှာနိုင်တဲ့ အခြေအနေဖြစ်လာဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ အန်တိုနီက ဆိုပါတယ်။

ပါလက်စတိုင်းပြည်သူတွေ အုပ်ချုပ်တဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ရေးနဲ့ အစ္စရေးတပ်တွေ ဂါဇာကနေ ပြန်ရုပ်သိမ်းဖို့အတွက် အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံနေကြတာဖြစ်ပါတယ်။

Ref: NTD

………………………………..

မြောက်ကိုရီးယားတပ်သားတွေ ရုရှားကို စေလွှတ်နေလို့ အမေရိကန် အတည်ပြု

မြောက်ကိုရီးယားက တပ်သား ၃၀၀၀ ကို ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန်ဘက်က ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ပက်သက်လို့ ရုရှားဘက်ကလည်း မငြင်းခဲ့ပါဘူး။

တပ်သားတွေကို ယူကရိန်းစစ်မြေပြင်ကို စေလွှတ်ဖို့အပါအဝင် ဘယ်လို တာဝန်ချမယ်ဆိုတာကိုတော့ ရုရှားအစိုးရက ဆုံးဖြတ်မှာဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က ရုရှားဘက်က တုံ့ပြန်ပါတယ်။

မြောက်ကိုရီးယားတပ်သားတွေကို အောက်တိုဘာအစောပိုင်းမှာ ရုရှားကိုစေလွှတ်ခဲ့ပြီး ရုရှားရဲ့ လေ့ကျင့်ရေးစခန်းအများအပြားကို ပို့ဆောင်ခဲ့တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။

တပ်သားတွေကို ရှေ့တန်းစစ်မျက်နှာကို ရုရှားတပ်တွေနဲ့ အတူတွဲပြီး တိုက်ခိုက်ဖို့ စေလွှတ်မယ်ဆိုရင် တိုက်ပွဲအရှိန်အတော်မြင့်လာနိုင်လို့ အမေရိကန်ဘက်က စိုးရိမ်နေပါတယ်။

ရုရှားက မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံ အပြန်အလှန် အကူအညီပေးဖို့ သဘောတူစာချုပ် ချုပ်ဆိုထားတယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။

Ref: AP

………………………………..

တာဇံမင်းသား Ron Ely အသက် ၈၆ နှစ်မှာ ကွယ်လွန်

NBC ဇာတ်လမ်းတွဲ Tarzan မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ron Ely ဟာ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူ့ရဲ့သမီးဖြစ်သူ စာရေးဆရာမ Kiki Ely က သူ့ဖခင်ကို ဟီးရိုးတစ်ယောက်အနေနဲ့ ရေးသားခဲ့ပြီး သေဆုံးကြောင်း အတည်ပြုပေးခဲ့တာပါ။

တာဇံဇာတ်ကောင်အဖြစ် လူသိများတဲ့ Ron က အဲ့ဒီဇာတ်ကားရိုက်ကူးရင်း ခြင်္သေ့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး ပခုံးကို နှစ်ကြိမ် ထိခိုက်ခဲ့ပါတယ်။

သူဟာ ၂၀၀၁ ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကနေ အနားယူခဲ့ပြီး စာရေးဆရာဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ တီဗီဇာတ်ကား Expecting Amish အတွက် သရုပ်ဆောင်လောကထဲကို ခဏတာပြန်လာခဲ့ပါသေးတယ်။

Ref: BBC

………………………………..