ထားဝယ်အရှေ့တောဒေသ ဖောင်းတောကျေးရွာမှ အမျိုးသားကြီးတစ်ဦး အောက်တိုဘာလ ၂၅ ရက် မနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ပြတ်သွားကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံအချို့ ထံမှသိရသည်။
“ဖွတ်ကိုင်း(တိရစ္ဆာန်ထောင်ချောက်)ထောင် သွားရင်း ထိတာလားတော့ မသိဘူး။ ဖောင်းတောရွာအနီးက ခြံတွေနားမှာထိတာလို့ ပြောတယ်။ မနေ့က ကျွန်တော်မြင်တာတော့ ဘယ်ခြေတစ်ဖက်တုံးတိပြတ်သွားပြီ” ဟု သံမဏိပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းထိသည့်လူနာမှာ အသက် ၇၀ နီးပါးရှိပြီး မေတ္တာအရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကို ပို့ဆောင်ထားသည်ဟု သိရသည်။
မြေမြုပ်မိုင်းထောင်ထားသည့်နေရာများကို မသွားလာကြရန် အရှေ့တောဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့များက အသိပေးပြောဆိုထားမှုမရှိသဖြင့် သတိမထားမိကြကြောင်း ဝကုန်းကျေးရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့(စစ်တပ်)သွားတတ်တဲ့လမ်းတွေမှာ ထောင်တယ်၊ အရင်တုန်းကတော့ သူတို့ကားသွားတတ်တဲ့ လမ်းမဘေးမှာကိုထောင်တယ်ရှင့်၊ အခုက လမ်းကနေမသွားဘဲ တောထဲကနေသွားတယ်ဆိုတော့ တောထဲမှာထောင်တာပေါ့” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
စစ်ကောင်စီတပ်လာမည့်လမ်းကြောင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင်သည်မျိုးရှိသလို KNU တပ်မဟာ(၄)နှင့် ကော်သူးလေတပ်တို့ကလည်း မြေမြုပ်မိုင်းထောင်မှုများရှိသည်ဟု ဒေသခံအချို့က ပြောသည်။
တနင်္သာရီတိုင်းတွင် မြေမြှုပ်မိုင်း နင်းမိသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေပြီး မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ အသိပညာပေးမှုများ ပိုမိုလိုအပ်နေပြီဖြစ်သည်။