BREAKING
September 20, 2024

ပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးအမှုဖွင့်ခံရ

October 26, 2023

အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စစ်ကောင်စီကိုဝေဖန်ရေးသားသည်ဟုဆိုကာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ‌ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပေါင်မြို့ ကဒုံစီးရပ်ကွက်က အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်နှင့် ပေါင်မြို့နယ် ကုလားချောင်းကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ဦးဝင်းနိုင်ကို ပေါင်မြို့မရဲစခန်းတွင်လည်းကောင်း၊ ကိုကောင်းမြတ်ကို ဇင်းကျိုက်နယ်မြေရဲစခန်းတွင်လည်းကောင်း ဖမ်းဆီးစစ်ဆေးပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့က ပြောသည်။

“ဦးဝင်းနိုင်ကိုတော့ အိမ်မှာ လာဖမ်းသွားတာ။ နောက်တစ်ယောက်ကတော့ လမ်းမှာ သူတို့ စစ်ဆေးနေတာနဲ့ တိုးသွားလို့ ဖမ်းခံရတာ။ သူတို့ကို ဖမ်းဆီးပြီးတော့ အဓိက Facebook ပေါ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတွေ ဖြန့်ဝေတယ်ဆိုပြီးတော့ ၅၀၅ နဲ့ စွဲလိုက်တာ” ဟု နီးစပ်သည့် ပေါင်မြို့ခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများတွင် ဦးဝင်းနိုင်နှင့် ကိုကောင်းမြတ်တို့သည် နိုင်ငံတော်တည်ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေခဲ့သည်ဟု ရေးသားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း လူမှုကွန်ရက်တွင် ရေးသားမှုဖြင့် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ကိုစောရာဇာမင်း၊ အသက် ၂၂ နှစ်ရှိ ကိုအောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ကိုချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီးနီအောင်တို့ ၄ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သေးသည်။

ပေါင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ယင်းအနက် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိကြောင်း သိရသည်။