မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ဇဝဲရွာဖက်မှ မော်တုန်းရွာအမြောက်တပ်သို့ စစ်ကောင်စီ တပ်သားများ တင်ဆောင်လာသည့် Vigo ကားအား တနင်္သာရီမြို့နယ် ချောင်းညီကိုရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ချောင်းညီကိုရွာသည် မြိတ်- တနင်္သာရီ ပြည်ထောင်စု ကားလမ်းမတွင် တည်ရှိသည့် ရွာဖြစ်သည်။
ယင်းနောက် မွန်းတည့် ၁၂ နာရီတွင်လည်း စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားကို မြိတ်မြို့နယ် တုံးဗျော ကျေးရွာအုပ်စု၊ တောင်ပုရွာအနီးတွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်းတိုက်ခိုက်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပျူ (ပျူစောထီး) စခန်း တိုက်ခိုက်ခံရလို့ စစ်ကူလာတဲ့ကားတွေကို (တောင်ပုရွာအနီးမှာ) လမ်းက ကြားဖြတ်တိုက်တာ အသေအပျောက် ရှိတယ်လို့တော့ ကြားရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက တုံးဗျောကျေးရွာ အုပ်စုတွင် ကြားဖြတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြောသည်။
အောက်တိုဘာလ ၂၄ ရက် သန်းခောင်ယံအချိန်က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းအား ကျွန်းစု ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“တိုက်ပွဲဖြစ်လို့ မင်းဂုတ်အနောက်စုကလူတွေ အကုန်ပြေးရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မင်းဂုတ်ကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်ပြီး တုံးဗျောကျေးရွာအုပ်စုနှင့် မင်းဂုတ်တို့မှာ တနင်္သာရီမြစ်ခြားထားကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲသုံးကြိမ်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိကြောင်းနှင့် စစ်ကောင်ဘက်က ထိခိုက် သေဆုံးမှုကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်သည့် အောက်တိုဘာလ ၂၅ ရက် နေ့လယ်ပိုင်းက ပြည်ထောင်စုလမ်းပေါ်တွင် ယာဉ်အများအပြား ပိတ်မိနေကြာင်း ကားသမားများကပြောသည်။
တုံးဗျောကျေးရွာ ပြည်ထောင်စုလမ်းပေါ်တွင် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ငါးရံ့အင်းရွာဟောင်းတွင် ထပ်မံတိုက်ပွဲဖြစ်ခဲ့သေးသည်။