BREAKING
January 12, 2025

ရေဖြူ၊ ဇာဒီရွာတွင် ဆက်သွယ်ရေးလိုင်းအချို့ပြန်ရ

September 26, 2024

ပုံစာ - ဇာဒီရွာအတွင်းမြင်ရသည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု (ပုံဟောင်း)။ ဓာတ်ပုံ - Naga Gaga

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာတွင် စက်တင်ဘာလ တတိယအပတ်က ပြတ်တောက်သွားသည့် ဆက်သွယ်ရေးလိုင်း အချို့ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အက်တမ် (တယ်လီနော) နှင့် မိုင်တဲလ် အော်ပရေတာနှစ်ခုသာပြန်လည်ရရှိပြီး အမ်ပီတီအော်ပရေတာသည် ယနေ့ စက်တင်ဘာလ ၂၆ ရက်အထိပြန်လည်ရရှိခြင်းမရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

စက်တင်ဘာလ ၁၆ ရက်က ဇာဒီရွာဘက်သို့ မောရဝတီရေတပ်နှင့် စစ်သင်္ဘောတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လမ်းပိုင်းရှိ လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီး၍ လျှပ်စစ်မီးနှင့်အတူ အော်ပရေတာလိုင်းများလည်း ပြတ်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

“လေးငါးရက်လောက် ပြတ်သွားတယ်။ လမ်းမှာမီးတိုင်တွေ ပြင်ပြီးမှ မီးရော၊ ဖုန်းလိုင်းရောပြန်ရတယ်။ အမ်ပီတီက အရင်ပျက်တာ၊ အခုထိလည်း မရသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

အမ်ပီတီ ဆက်သွယ်ရေးတာဝါအတွက် စက်မောင်းမည့် ဝန်ထမ်းကို ကံပေါက်ရွာဘက်မှ ဇာဒီရွာဘက်သို့သွားသည့် လမ်းတွင်ရှိသည့် ရှားကုန်းရွာ စစ်ကောင်စီဂိတ်က သွားလာခွင့်မပြုသဖြင့် လိုင်းမရသေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကံပေါက်ရွာဘက်မှ ဇာဒီရွာဘက်သို့သွားသည့် လမ်းကြောင်းနှစ်ခုစလုံးတွင် စစ်ကောင်စီတပ်က ဂိတ်ထိုင်ထားပြီး အစစ်အဆေး တပ်ကျပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။