BREAKING
January 12, 2025

ကမ္ဘောဒီးယားတွင် ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံး

September 26, 2024

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံးခဲ့ပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကမ္ဘောဒီးယား နိုင်ငံလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၃၀ နီးပါး သေဆုံးခဲ့ရသေးသည်ဟု အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိုးကြိုးပစ်ခံရသည့် လူသေဆုံးမှုများအပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

၂၀၂၄ ခုနှစ်အတွင်း မုန်တိုင်းများကြောင့် လူ ၄ ဦး သေဆုံး၍ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

နေအိမ် ၄၈၂ ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရာသီဥတုဖောက်ပြန်မှုမှ ထိုသို့ သေဆုံးမှုများပြားရခြင်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သူက ဆိုထားဖူးသည်။

လူထုအနေနှင့် မိုးသည်းထန်၊ မိုးကြိုးပစ်ချိန်များတွင် နေအိမ် အဆောက်အအုံများအတွင်း နေထိုင်သင့်ကြောင်းလည်း သူက ထပ်မံပြောဆိုသည်။

မိုးကြိုးပစ်ခံရမှုကြောင့် လူသေဆုံးမှုမြင့်မားနေခြင်းမှာ အစိုးရဘက်က လူထုအသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေသည်ဟု ကမ္ဘောဒီးယားနိုင်ငံသား လျှပ်စစ်ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။

နိုင်ငံ့အနောက်မြောက်ပိုင်းရှိ ဆိုင်းယမ်ရိပြည်နယ်၊ ဘန်တမ်ဘန်ပြည်နယ် ၊ဘန်တီးမီးချီပြည်နယ်နှင့် နိုင်ငံ့အရှေ့ပိုင်းရှိ ပရေဗန်ပြည်နယ် ၊ ထဘွန်ခမွန်ပြည်နယ်တို့တွင် ယခုနှစ်အတွင်း မိုးကြိုးအပစ်ခံရမှု အများဆုံး ဖြစ်ပွားခဲ့သည်ဟု အထက်ပါ ကော်မတီ၏ ပြောကြားချက်အရ သိရသည်။

ပြည်သူလူထုကို မိုးကြိုးပစ်ခံရသည့်အန္တရာယ်အကြောင်း အစိုးရဘက်က အသိပညာပေးလုပ်ဆောင်နေသည်ကို တခါမှ မမြင်ဖူးကြောင်း ဘန်တမ်ဘန်ပြည်နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

“မုန်တိုင်းတွေ ၊ မိုးကြိုးပစ်ခံရမှုတွေရဲ့ဒဏ်ကို ကျွန်တော်တို့ ခံစားနေရတဲ့အချိန်မှ ဘယ်သူကမှ လာပြီး ကျွန်တော်တို့ကို ဘာမှ မပြောပြဘူး” ဟု ယင်းလယ်သမားက ပြောသည်။

ကမ္ဘောဒီးယားအစိုးရက တနိုင်ငံလုံးအတိုင်းအတာဖြင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်တစ်ရပ်ကို တနင်္လာနေ့တွင် စတင်မိတ်ဆက်ခဲ့သည်။

Ref: Khmer Times, RFA, Xinhua