BREAKING
October 18, 2024

ပန်းရောင်ဘတ်အသစ်ပြုလုပ်ပေးရန် အတည်ပြုလိုက်ပြီဟု ထိုင်းအစိုးရကြေညာ

September 26, 2024

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ထိုင်းဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရစာမျက်နှာက ထုတ်ပြန်ကြေညာထားသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးရန် အချက်များအပါအဝင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအချက်များကို အလုပ်သမားဝန်ကြီးဌာနက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးက အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ယင်းကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် ထုတ်ပေးတော့မည်ဖြစ်သည်။

အစည်းအဝေးအတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများ အကျုံးဝင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ စာမျက်နှာက ထုတ်ပြန်ထားသည်။

ပန်းရောင်ဘတ်အသစ်ပြုလုပ်ပေးရန် အစိုးရအဖွဲ့က အတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး ထိုင်းဘုရင်နန်းတော်က လက်မှတ်ထိုး ထုတ်ပြန်မှသာ အသက်ဝင်လာမည်ဖြစ်ကာ နောက်ဆက်တွဲ လုပ်ငန်းစဉ်အသေးစိတ်ကို သိရှိရမည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ပန်းရောင်ဘတ်အသစ်ပြုလုပ်ရန် ယုံကြည့်စိတ်ချရသော အကျိုးဆောင်များနှင့် ကြိုတင်တိုင်ပင်သင့်ပြီး မိမိနှင့် မသိသော အကျိုးဆောင်များကို ငွေကြေးများ ကြိုတင်မလွှဲကြရန် သတိပြုစေချင်ကြောင်း FED က အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ပြောသည်။

“ကိုယ့်မှာ အလုပ်ရှင်မရှိဘူးဆိုရင် ကိုယ်ယုံကြည်ရတဲ့ ပွဲစားတွေနဲ့ လုပ်။ တကယ်လို့ အလုပ်ရှင်ရှိရင် အလုပ်ရှင်ကို အကြောင်းကြားပေးပေါ့နော်။ ကိုယ်နဲ့မသိတဲ့ ပွဲစားတွေကို ငွေတွေ ကြိုမလွှဲကြနဲ့ပေါ့။ ကုန်ကျစရိတ် ခန့်မှန်းချေတွေကို ဘာမှ မသိရသေးဘူးဆိုတော့” ဟု ကိုမင်းဦးက ဆိုသည်။

ထုတ်ပြန်ချက် အသက်ဝင်လာပါက သတ်မှတ်ကာလအတွင်း အလုပ်ရှင်က အလုပ်သမားများ၏ အမည်စာရင်း (Name List) ကို အလုပ်သမားခန့်ထားရေးရုံးသို့ ကနဦး တင်သွင်းရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့်အမည်စာရင်း ရရှိလာပါက ထိုင်းနိုင်ငံအတွင်း ၁ နှစ် ယာယီအလုပ်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း အစည်းအဝေးက ဆုံးဖြတ်ထားသည်။

အမည်စာရင်းတင်သွင်းရာတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များကိုလည်း မှီခိုစာရင်းတွင် တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း MoU လုပ်ငန်းစဉ်အတိုင်း သက်တမ်းတိုး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။

သက်တမ်းတိုးလုပ်ဆောင်မည့် အလုပ်သမားများသည် MoU လုပ်ငန်းစဉ်အတိုင်း ထိုင်းနိုင်ငံနယ်စပ်များသို့ သွားရောက်၍ နေရပ်ပြန်သက်တမ်းတိုး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် နေရပ်ပြန်သက်တမ်းတိုးရန် စိုးရိမ်မှုများစွာရှိနေပြီး သက်တမ်းတိုးလုပ်ငန်းစဉ်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း အလုပ်သမားများက ဆိုသည်။

“CDM တွေဆို ဘယ်လိုလုပ်ကြမလဲပေါ့။ လူငယ်အများစုကလည်း ပြည်တွင်း ပြန်တိုးဆိုရင် သူတို့ ပြန်မတိုးရဲကြဘူး။ ကော့သောင်းနယ်စပ်ကနေ စစ်မှုထမ်းဖို့ ဖမ်းသွားတဲ့သတင်းတွေ သူတို့တွေ့နေတာပဲ။ စစ်မှုထမ်းကြောင့် ပြေးလာကြတယ်ဆိုကာမှ ပြည်တွင်းပြန် သက်တမ်းတိုးရမယ်ဆိုတာမျိုးက ပိုအခက်ဖြစ်စေတာမျိုး” ဟု သက်တမ်းတိုးရမည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

သို့သော်လည်း သက်တမ်းတိုးလုပ်ငန်းစဉ်သည် အဆိုပြုချက်သာဖြစ်သေးပြီး ထုတ်ပြန်ချက်ထွက်လာမှသာ တိတိကျကျသိရှိနိုင်မည်ဖြစ်ကြောင်း FED က ကိုမင်းဦးက ထောက်ပြသည်။

“ထုတ်ပြန်ချက် ထွက်လာမှပဲ ဘယ်မှာလုပ်ရမလဲပေါ့။ နယ်စပ်လား One Stop Center လားပေါ့။ အဲလိုမျိုး မသိရသေးဘူး။ ဘာလို့လဲဆို လူက အများကြီး။ ၂ သန်း ဝန်းကျင်လောက်က လုပ်ရမယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့အချိန်နဲ့ နယ်စပ်သွားလုပ်ဖို့ ဆိုရင် လုံးဝ မဖြစ်နိုင်ဘူး” ဟု ကိုမင်းဦးက ဆိုသည်။

MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးမည့် အလုပ်သမားများသည် အလုပ်လုပ်ခွင့် ၂ နှစ် ထပ်မံရရှိမည်ဖြစ်ပြီး‌ နောက်ထပ် နှစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်ကြောင်း အစည်းအဝေးအဖွဲ့က ဆုံးဖြတ်ထားသည်။

အစည်းအဝေးဆုံးဖြတ်ချက်တွင် အလုပ်ရှင်အသစ်ပြောင်းလဲချိန်အား နဂို ရက် ၃၀ မှ ရက် ၆၀ အထိ တိုးမြင့်ပေးထားခဲ့သည်။

လက်ရှိတွင် ပြည်တွင်းစစ်များနှင့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှု ပိုများလာသကဲ့သို့ လုပ်ငန်းခွင်ထဲရှိ တရားမဝင် အလုပ်သမားများကို ဖမ်းဆီးမှုများလာနေသဖြင့် ဂရုတစိုက်နေထိုင်ကြရန် အလုပ်သမားအရေးအဖွဲ့များက တိုက်တွန်းထားသည်။