ကလေးများ ဆော့ကစားရာ နေရာတစ်ခုအဖြစ်သာရှိခဲ့သည့် ထားဝယ်အရှေ့တောနယ်ရှိ ‘ဂူတွမ်း’များက စစ်အာဏာသိမ်းပြီးချိန်တွင်မူ ဒေသခံများ၏ အသက်အန္တရာယ်ကို အထိုက်အလျောက် ကာကွယ်ပေးသည့် နေရာတစ်ခုဖြစ်လာသည်။
ထားဝယ်စကားဖြင့် ‘ဂူတွမ်း’ ဟုခေါ်သည့် ဗုံးခိုကျင်းကို ထားဝယ်အရှေ့တောနယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာကတည်းကပင် တူးထားကြသည်။
လက်နက်ကြီးပစ်ခတ်ချိန်နှင့် တိုက်ပွဲဖြစ်ပွားလာပါက အရေးပေါ်ခိုအောင်းနိုင်စေရန် မြေကြီးကိုကျင်းတူးပြီး ဗုံးခိုကျင်းအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
လွတ်လပ်ရေး ရပြီးချိန်မှစတင်ကာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း ထားဝယ်အရှေ့တောဒေသတွင် တိုင်းရင်းသား ကရင်လက်နက်ကိုင်များ အားကောင်းခဲ့သည့်အတွက် စစ်တပ်က အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ကာ စစ်ဆင်ရေးများဆင်နွှဲခဲ့သည်။
ထိုကြောင့် ဒေသခံအများစုက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဗုံးခိုကျင်းများတူးထားကြသည်။
ထားဝယ်အရှေ့တောဒေသနေ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ပွင့်ဖြူလည်း ၎င်းတို့အိမ်နောက်တွင် တူးထားသည့် ‘ဂူတွမ်း’နှင့် မစိမ်းလှဟု ဆိုနိုင်သည်။
“ငယ်ငယ်ကလည်း တိုက်ပွဲဖြစ်လို့ အဖေချီပြီး ဗုံးခိုကျင်းထဲမှာ ၀င်ခိုဖူးပါတယ်”ဟု ဒေါ်ပွင့်ဖြူက ငယ်ဘဝကို ပြန်ပြောပြသည်။
၂၀၁၀ ခုနှစ်အလွန်တွင် စစ်တပ်နှင့် KNU(တပ်မဟာ ၄) တို့အကြား ပစ်ခတ်တိုက်ခိုက်မှု နည်းပါးသွားပြီး ၂၀၁၅ ခုနှစ်၌ (NCA)စာချုပ်ချုပ်ဆိုခဲ့သည့်အတွက် သေနတ်သံ၊လက်နက်ကြီးသံများ အချိန်အတိုင်းအတာ တစ်ခုအထိ ဆိတ်သုန်းသွားခဲ့သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့သည့်အတွက် ’ဂူတွမ်း’ များမှာ ကလေးများအကြိုက် ကစားရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာပြန်သိမ်းချိန်တွင်မူ တိတ်ဆိတ်နေသည့် သေနတ်သံ ဗုံးသံများ တကျော့ပြန် ဆူညံလာပြီး မြေနေရာအပိုရှိသူများက ဂူတွမ်းများ အပြိုင်အဆိုင်တူးလာကြကြောင်း ဒေါ်ပွင့်ဖြူက ဆိုသည်။
သို့ရာတွင် တိုက်ပွဲဖြစ်လာပါက ဂူတွမ်း’အတွင်း ဝင်ပုန်းသူ မရှိဘဲ ဘေးလွတ်ရာကိုသာ ကသောင်းကနင်း ထွက်ပြေးလေ့ရှိကြောင်း ၎င်းက ပြောသည်။
“အခုတော့ တူးသာတူးထားကြတယ်။ အနီးကပ်ပစ်နေကြတော့ အခြားလွတ်ရာကိုပဲ ပြေးကြပါတယ်” ဟု ဒေါ်ပွင့်ဖြူက ဆိုသည်။
ထားဝယ်အရှေ့တောဒေသရှိ ရွာအချို့တွင် ဗုံးခိုကျင်းတူးထားကြသော်လည်း တနင်္သာရီတိုင်း အနေအထားအရ တူးထားသည့် နေအိမ်အရေအတွက်မှာ အလွန်နည်းပါးနေဆဲဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ခပ်စိပ်စိပ်ရှိနေသည်။
FE5 Tanintharyi ၏ အစီရင်ခံစာများအရ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု လစဉ်နီးပါးရှိနေသည်။
ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့သည့် အရပ်သား အနည်းဆုံး ၉ ဦးရှိပြီး ဒဏ်ရာရသူ ၂၇ ဦးအထိ ရှိခဲ့သည်။
FE5 Tanintharyi သည် တနင်္သာရီတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အရပ်သားထိခိုက် သေဆုံးမှုများကို စောင့်ကြည့်သုတေသနလုပ်ပြီး လစဉ်အစီရင်ခံစာထုတ်ပြန်နေသည့် အဖွဲ့ဖြစ်သည်။
ထိုသို့ အရပ်သားထိခိုက်သေဆုံးမှုများနေသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တွင်ပင် ဗုံးခိုကျင်းတူးထားသူ မရှိသလောက်ပင်။
ယခုနောက်ပိုင်းတွင်မူ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့်အတွက် ဗုံးခိုကျင်းများတူးရန်လိုလာပြီဟု ထောက်ပြကြသူများလည်း ရှိလာနေသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏအပစ်ခံနေရသည့် မင်းထိန်ရွာသားတစ်ဦးကလည်း ၎င်းတို့ရွာတွင် ဗုံးခိုကျင်းတူးသူအရေအတွက် နည်းပါးလှပြီး စားနပ်ရိက္ခာ စုဆောင်းထားရန်အတွက်သာ တူးထားကြသည်ဟု ဆိုသည်။
“ဗုံးခိုကျင်းဆိုတာထက် သူတို့လုပ်ထားတာက စစ်ဖြစ်ရင် ဆန်ဆီခေါက်ဆွဲခြောက်တွေ ထားဖို့ အဓိကလုပ်ထား ကြတယ်။ တိုက်ပွဲဖြစ်ရင် အဲနေရာကို ပြေးပြီးသွားပုန်းမယ်။ ရိက္ခာကလည်း အသင့်အတင့်ထားမယ် ပုံစံမျိုးလောက်ပဲ လုပ်ထားကြတာတွေ့ရတယ်”ဟု အဆိုပါ မင်းထိန်ရွာသားက ပြောသည်။
အကြောင်းမှာ အသက်အန္တရာယ်ကာကွယ်နိုင်စေရန် တူးထားသည့် ဗုံးခိုကျင်းက ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သွားနိုင်ကြောင်း ဒေသခံများက ဖွင့်ဟကြသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် ဗုံးခိုကျင်းတွေ့ပါက ရန်ပြုခံရမည်ကို စိုးရိမ်ကြသည့်အတွက် မတူးကြခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် တဂူရွာသားတစ်ဦးက ဆိုသည်။
“တော်ကြာ ဗုံးခိုကျင်းမြင်မှ ငါတို့ကို ကလန်တယ်ဆိုပြီး အိမ်ကိုပါမီးရှို့ပစ်နေဦးမယ်။ တချို့ရွာတွေမှာလည်း နည်းနည်းပါးပါးလုပ်ထားကြတယ်။ အများအားဖြင့်တော့ မလုပ်တဲ့အိမ်က များတယ်”ဟု ၎င်းက ပြောသည်။
Dawei Watch က လောင်းလုံး၊ ရေဖြူ၊ ထားဝယ်၊ တနင်္သာရီ၊ ပုလော အစရှိသည့် မြို့နယ်များက ဒေသခံ ၁၀ ဦးကို မေးမြန်းချိန်တွင်လည်း ၎င်းတို့ဒေသတွင် လုံခြုံသည့်ဗုံးခိုကျင်းမတူးကြကြောင်း ဖြေဆိုခဲ့သည်။
မေးမြန်းထားသူအချို့ကမူ ရိက္ခာပစ္စည်းထားရန်အတွက်သာ တူးထားကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိသည့် သရက်ချောင်းမြို့နယ် ဝဲရစ်ရွာတွင်လည်း စစ်ကြောင်း ဝင်လာချိန် ဖမ်းမိပါက ရိုက်နှက်ဖမ်းဆီးခြင်း၊ လူသားဒိုင်းပုံစံ ဖမ်းခေါ်သွားလေ့ရှိခြင်းကြောင့် ဗုံးခိုကျင်းတူးပြီး ပုန်းလေ့မရှိကြောင်း အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“ကြိုပြီးကိုပြေးတယ် အဲ့လိုမျိုးကတော့ အကုန်လုံး။ (ကြုံ)ထိထားပြီးပြီကိုး။ တစ်ခါလာရင် တစ်ခါရိုက်နှက်ဖမ်းသွားတာ။ သူတို့ရဲ့ စစ်ကြောင်းက (ရွာသားများကို)ကာဗာယူပြီးသွား၊ ရိုးရိုးကာဗာယူပြီးသွားတာလောက်မဟုတ်ဘူး။ ရိုက်နှင်ထုချေတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။
တစ်ဖက်တွင်လည်း အခြားဒေသများနည်းတူ တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီအား ခုခံတော်လှန်မှု အရှိန်မြင့်နေသည်။
စစ်ကောင်စီတပ်ကလည်း ခုခံစစ်အားကောင်းသည့်ဒေသများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်နွှဲခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာသည်။
ယင်းအခြေအနေများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း တူးရမည့် ပြည်သူများအန္တရာယ် ကင်းရှင်းရေးအတွက် ဗုံးခိုကျင်းနမူနာပုံ(လက်ကမ်းစာစောင်)များ ဖြန့်ဝေနေသည်။
သို့ရာတွင် တနင်္သာရီတိုင်းသားအများစုမှာ ဗုံးခိုကျင်းတူးမည့်အရေးထက် စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပါက ဘေးလွတ်ရာ ရှောင်ပြေးရန်သာ ဆုံးဖြတ်ထားကြသည်။
တနင်္သာရီတိုင်းအတွင်း လေကြောင်းမှပထမဆုံး ဗုံးကြဲခံရသည့် ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသခံ တစ်ဦးကလည်း ၎င်းတို့ဒေသတွင် ဗုံးခိုကျင်းမတူးကြဘဲ တိုက်ပွဲဖြစ်လာပါက နီးစပ်ရာတောတောင်များအတွင်းသို့ ထွက်ပြေးလေ့ရှိသည်ဟု ဆိုသည်။
သို့သော် ပဋိပက္ခကာလ ကြမြင့်လာသည်နှင့်အမျှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများပြုချိန်တွင် အလွယ်တကူ ပုန်းခိုနိုင်မည့် ဗုံးခိုကျင်းများလိုအပ်နေပြီဖြစ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။
တနင်္သာရီတိုင်း ဒေသခံများမှာမူ ဗုံးခိုကျင်းအသုံးပြုရန် အားမသန်လှသေး။ ဗုံးခိုကျင်းတူးထားသည့်အတွက် စစ်ကြောင်းဝင်လာချိန် အန္တရာယ်ပြုမည်ကို စိုးရိမ်နေကြသည်။
“ဒီလိုပဲ ပြေးရတာပေါ့ ။သေရင်လည်းသေ မတတ်နိုင်ဘူးလေ။ သူများလည်း ဒီလိုပဲရှောင်နေကြတာပဲ”ဟု နဘုလယ်ဒေသခံက ပြောသည်။