ခြင်သည် အကောင်ပင်သေးငယ်သော်လည်း လူသားများအတွက်တော့ အင်မတန် အနှောင့်အယှက်ပေးနိုင်စွမ်းသည့် သတ္တဝါလေးများဖြစ်သည်။ လူ အနားသို့လာကပ်သည်နှင့်ပင် သူ့အသံ က နားဝင်မချိုလှ။ သူ၏ အစွယ်မှာ ပျော့ပျောင်းလှသလောက် လူ၏ အရေပြားထဲသို့ ထိုးသွင်းသော် ခံရခက်ဘိ ခြင်း။ သူတို့သည် သွေးစုပ်ကောင်များ၊ ရောဂါဘယအချို့ကို ဆောင်ကြဉ်းလာ တတ်သူများဖြစ်၍ လူသားများကို ကိုယ် စိတ်နှစ်ဖြာ ဒုက္ခကောင်းကောင်းကြီးပေး နိုင်သူများပင်။ ထို့ကြောင့်ပင် သာမန် ပုဂ္ဂိုလ်များအဖို့ ခြင်များကို နှစ်သက်ရန် အကြောင်းသိပ်မရှိ။ အထူးသဖြင့် ကိုက်တတ်သော ခြင်မ များကိုဆိုလျှင် ခါးခါး သီးသီးဖြစ်ကြပေလိမ့်မည်ထင်၏။
သို့ရာတွင် ကမ္ဘာတလွှားတွင် စနစ်တကျ ခြင်ကျားမွေးနေသော စီမံကိန်းများရှိနေသည်။ နိုင်ငံအချို့တွင်ဆိုလျှင် အစိုးရ ကိုယ်တိုင်ကပင် ကမကထပြုကာ ခြင်မွေးနေ၏။ ဥပမာ စင်္ကာပူလို နိုင်ငံမျိုးတွင်ဖြစ်သည်။
အဘယ်ကြောင့်ခြင်မွေးနေရပါ သနည်း။ ခြင်များသည်လူများအတွက် လိုလားအပ်သော သက်ရှိဖြစ်ပါ၏လော။ ထိုသို့သော မေးခွန်းမျိုးများအတွက် အဖြေရရန် အကြောင်းအရင်း များစွာရှိနေပါ၏။ ခြင်ကျားများကို အဘယ်ကြောင့်မွေးနေရသနည်းဆိုသော မေးခွန်းကို မဖြေမီ ခြင်ကျားသည် လူကိုမည်သို့ အန္တရာယ်ပြုနေပါသနည်း ဟူသော မေးခွန်းကို ယေဘုယျ အဖြေရှာကြည့်လျှင် အေးဒီး(စ်) ခြင်ကျား (Aedes aegypti) သည် သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဇီကာဗိုင်းရပ်စ်နှင့် ငန်းဝါအဖျား (Yellow fever) ဗိုင်းရပ်စ်တို့ကို သယ်နိုင်ကာ လူများထံ ရောဂါကူးစက် စေနိုင်သည်။
ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး(WHO) ၏ စာရင်းများ သုတေသနများအရ ဆိုရလျှင် သွေးလွန်တုပ်ကွေးရောဂါများ ကူးစက်ခံရသူများ တိုးလာနေပြီး ခန့်မှန်း ခြေ နှစ်စဉ် လူပေါင်းသန်း ၁၀ဝ မှ ၄၀ဝ အထိ ကူးစက်ခံနေရသည်ဟု သိရသည်။
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာလည်း အဆိုပါရောဂါမျိုးကူးစက်ခံရနိုင်ချေရှိ သော အနေအထားမျိုးပင်ဖြစ်နေပြီဟုဆို ထား၏။ ဤသို့ဆိုလျှင် ခြင်ကျားကပေး သော အခြားရောဂါများဖြစ်သည့် ဆင်တုပ်ကွေး၊ ဇီကာနှင့် ငန်းဝါဖျားတို့ ကြောင့် ထိခိုက်ခံစားရသော သူသည်လည်း မနည်းမနောပင်ရှိနေဦးမည်။ ခြင်ကျားသည် နေ့ဘက်တွင် အကိုက်များခြင်းကြောင့်လည်း လှုပ်ရှားသွားလာနေရသော သူများအဖို့ ခြင်နှင့်ထိတွေ့ရန် လွယ်နေသည်။ ထို့ကြောင့် အများစုသော ကျေးလက်နေ ပြည်သူများနှင့် ရေနုတ်မြောင်းစနစ် မကောင်းသော မြို့ပြနေပြည်သူများမှာ ခြင်ကျားများ၏ သားကောင်ဖြစ်နေကြရတော့သည်။
ဤသို့သော အခြေအနေမျိုးကို ရှောင်ရှားရန် တာဝန်ရှိသူများ၊ ပညာရှင်များက အမျိုးမျိုးကြိုးစားကာ ခြင်တော်လှန်ရေးလုပ်ကြသည်။ ခြင်မပေါက်အောင် ခြင်မျိုးပြုတ်အောင် ခြင်ဂျီနိုဆိုဒ် လုပ်ရန် ကြိုးစားသည်။ ခြင်အမသည် လူ့သွေးရယူပြီး မျိုးပွားနိုင်သည်ဖြစ်သည့်အပြင် အကိုက်ခံရသူကို ရောဂါပေးတတ်သည်ဖြစ်၍ ခြင်အကိုက်မခံရ အောင် နည်းအမျိုးမျိုးဖြင့်ကာကွယ်နေ ကြရသည်။ ခြင်နှိမ်နင်းသည်ဟုဆိုရာတွင် နိုင်ငံအများစုတွင် ပိုးသတ်ဆေးဖျန်းသည့်နည်းကိုသုံးသည်။ တစ်ဖက်တွင်မူ ပညာရှင်အချို့ကမူ ခြင်ကျားမွေးနေကြ သည်။ မွေးပြီးသော ခြင်များကိုလည်း အရပ်ထဲသို့လွှတ်နေသည်။ ၂၀၁၇ ခုနှစ် စာရင်းအရ ထိုသို့သော အစီအစဉ်မျိုးကို ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၂ နိုင်ငံ တွင် ဆောင်ရွက်နေသည်။ စင်္ကာပူနိုင်ငံသည်လည်း ယခုနှစ်ပိုင်းများအတွင် သည်လိုအစီအစဉ်ကို ဆောင်ရွက်လာနေသည်။ ထိုသို့ခြင်မွေးခြင်းနည်းဖြင့် တချို့ နိုင်ငံများတွင် Sterile Insect Technique– SIT ဟုအမည်ရသည့်နည်းကိုသုံး၏။ ထိုနည်း၌ ဓာတ်ခွဲခန်းထဲတွင် ခြင် အထီးများကို မွေးကာ မြုံစေလိုက်သည်။ ထို့နောက် ယင်းခြင်အထီးများကို အရပ် ထဲသို့လွှတ်၏။ အရပ်ထဲရှိ ခြင်မ အရိုင်းကလေးများသည် ဓာတ်ခွဲခန်းထုတ် ခြင်ထီးကလေးများနှင့် ပေါင်းသင်းမိလျှင် သန္ဓေတည်ကာ ဥ ဥနိုင်သော်လည်း ထိုဥများမှာ အကောင်မပေါက်နိုင်ပေ။ နောက်တစ်နည်းမှာ ခြင်များကို မျိုးရိုး ဗီဇပြောင်းပေးခြင်း (Genetic Modification – GMO) ပြုကာ အခြားခြင်များနှင့် ပေါင်းစပ်စေခြင်းအားဖြင့် အသက်တိုစေ ကာ ခြင်များကို ဇီဝိန်ခြွေသည့်နည်း ဖြစ်သည်။ ဤနည်းကိုကား နိုင်ငံတစ်ခုတည်းတွင်သာ လက်ရှိ သုံးနေသဖြင့် အကျယ်မဆွေးနွေးလိုပေ။
Wolbachia method ဟုခေါ်သည့် နိုင်ငံပေါင်း ဆယ်ခုကျော်တွင် စမ်းသပ် အောင်မြင်နေသော နည်းကို အနည်းငယ်ဆွေးနွေးလိုပါသည်။ဤနည်းတွင် ခြင်ကျားများကို ဓာတ်ခွဲခန်းများထဲတွင် စနစ်တကျမွေးကာ Wolbachia (ဝိုဘာ့ ခရာ) အမည်ရ ဘက်တီးရီးယားတစ်မျိုးကို အနှီခြင်ကျားများတွင် ထည့်ပေးထား လိုက်သည်။ ထိုဘက်တီးရီးယားမှာ သဘာဝအားဖြင့်ပင် အင်းဆက်မျိုး စိတ်ပေါင်း ၆၀ခန့်တွင် တွေ့ရတတ်ပါသည်။ ဥပမာ၊ သီးထိုးယင်ကောင်၊ ပိုးဖလံ မျိုးများနှင့် လိပ်ပြာများတွင် ထိုဘက်တီးရီးယားပါရှိတတ်သည်။ ယင်း ဝိုဘာ့ခရာ ပိုးမှာ လူ၊ တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ကို ဥပါဒ်မဖြစ်စေဟုဆို သည်။ ဝိုဘာ့ခရာပိုးသည် သွေးလွန်တုပ်ကွေး၊ ဇီကာ၊ ဆင်တုပ်ကွေး၊ ငန်းဝါအဖျား စသော ဗိုင်းရပ်စ်များ၏ မျိုးပွားနှုန်းကို ထိန်းနိုင်သဖြင့် ခြင်များတွင် အထက်ပါ ဗိုင်းရပ်စ်များသယ်ထားသော်လည်း အခြားသို့ပျံ့နှံ့နိုင်ချေကို ချုံ့ပြီး သားဖြစ်သွား၏။ ထိုဘက်တီးရီးယား သည် ယေဘုယျသော် ခြင်ကျားများတွင် မရှိပေ။ ထို့ကြောင့် ပညာရှင်များက ဓာတ်ခွဲခန်းများထဲတွင် ခြင်ကျားမွေးကာ ဝိုဘာ့ခရာထည့်ပေးရခြင်းပင်ဖြစ်သည်။
ကမ္ဘာ့ခြင်အစီအစဉ် (The World Mosquito Program) ဟူသော ခြင်မွေး မြူရေးလုပ်သည့် အစီအစဉ်တစ်ခုရှိသည်။ ကမ္ဘာကျော်သူကြွယ် ဘီလ်ဂိတ် ၏ အထောက်အပံ့များ ရထားသော အစီအစဉ်လည်းဖြစ်သည်။ သူတို့က အထက်ပါ ဝိုဘာ့ခရာ ဘက်တီးရီးယားပါသော ခြင်ကျားများကို မွေးကာ ရပ်ရွာထဲတွင်လွှတ်သည်။ သုတေသနလုပ်သည်။ အကျိုးအပြစ်ဆန်းစစ်သည်။ သူတို့၏ အစီအစဉ်တိုင်းတွင် ဒေသခံများ၏ ခွင့်ပြုချက်၊ ပူးပေါင်းပါဝင်မှုများနှင့် လေ့လာဆန်းစစ်မှုများပါသည်။ သူတို့၏လုပ်ငန်များကို ဒေသန္တရအစိုးရများ၊ သတင်းဌာနများနှင့် အများပြည်သူများကို ပွင့်လင်းစွာ ပြောပြဆိုပြ၏။
ထိုအစီအစဉ်၏ လုပ်ဆောင်ချက်များမှာ ခြင်များကို ခြင်မျိုးတုန်းစေရန် မဟုတ်ဘဲ လူကို ဘေးဥပါဒ်ဖြစ်စေသော ဗိုင်းရပ်စ်များကို တားရန်သာဖြစ်သည်။ ထို့ကြောင့် ဝိုဘာ့ခရာ ပိုးပါသော ခြင်မောင်နှံများကို မွေးကာ လွှတ်နေခြင်းဖြစ် သည်။ နောင်သော် ထိုမွေးထားသော ခြင်မောင်နှံများမှ မျိုးဆက်များထွန်းကားလာကာ မျိုးဆက်သစ်များတွင် အလိုလျောက် ဝိုဘာ့ခရာပိုးပါသွားမည်ဖြစ် သည်။ အကျိုးဆက်အနေဖြင့် ခြင်မှ တစ်ဆင့်လူကို အန္တရာယ်ပြုသော ဗိုင်းရပ်စ် ဘေးကို လျှော့ချတားဆီးနိုင်မည်ဖြစ်သည်။ ထို့အပြင် ထိုလုပ်ရပ်ကြောင့် ခြင်များကို မျိုးတုံးစေခြင်းမျိုး၊ ခြင်၏ မျိုးရိုးဗီဇကို ပြောင်းလိုက်ခြင်းမျိုးမပါ၍ ရေရှည်တည်တံ့သော သဘာဝနှင့်လျော်သော အစီအစဉ်ဖြစ်သည်ဟု ထိုအစီအစဉ်ကို ကိုင်တွယ်နေသော အဖွဲ့က ကြွေးကြော်ထားသည်။
ထိုအဖွဲ့က ယင်း၏ စမ်းသပ်အစီအစဉ်ကို သြစတေးလျတွင် စခဲ့ကာ အလုပ်ဖြစ်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပြီးနောက် အခြားနိုင်ငံများ၏ အစိုးရများ၊ ကျန်းမာရေးအဖွဲ့များ၊ ဒေသခံအဖွဲ့ များနှင့် နီးနီးကပ်ကပ်ပူးပေါင်းကာ အစီ အစဉ်များကို တိုးချဲ့နေသည်။ ယခု အခါတွင် ဘရာဇီ၊ ကိုလံဘီယာ၊ မက္ကစီကို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ သြစတေးလျ၊ ဖီဂျီ၊ ကီရီဘက်၊ နယူးကယ်လီဒိုးနီးယားနှင့် ဗက်နျူဝါတူ စသော နိုင်ငံအသီးသီးတွင် ဝိုဘာ့ခရာပါသော ခြင်ကျားမွေးခြင်း လွှတ်ခြင်း အစီအစဉ်များ ဆောင်ရွက်နေလေသည်။
မကြာသေးမီနှစ်များက စင်္ကာပူတွင် စတင်ခဲ့သော ခြင်ကျားမွေးမြူရေး အစီအစဉ်မှာလည်း ဝိုဘာ့ခရာဘက်တီးရီးယားကို ခြင်ကျားများတွင်ထည့်သွင်း ပေးသည့်နည်းပင်။ သို့ရာတွင် အထက်ဖော်ပြပါ အစီအစဉ်နှင့် မတူသည်မှာ စင်္ကာပူ၏ အစီအစဉ်မှာ ခြင်မှတစ်ဆင့်ကူး စက်တတ်သော ရောဂါများကို လျှော့ချရုံ မျှမက ခြင်ကျားမျိုးတုံးရေးအထိ ဦးတည်နေသည့် လုပ်ဆောင်ချက်မျိုးဖြစ်သည်။ ယင်းသို့သော ခြင်နှိမ်နင်းရေးနည်းလမ်းကို အချို့က Incompatible Insect Technique– IIT ဟု နာမည်တပ်ကြပါသည်။ ဝိုဘာ့ခရာဘက်တီးရီးယားပိုးပါ သော ခြင်အထီးသည် ထိုပိုးမပါသော ခြင်အမကလေးနှင့် ဖူးစာဆုံကာ မေတ္တာယှက်နွယ် အချစ်ဂဟေဆက်မိသော် အနှီခြင်မကလေးမှာ ဥ ဥနိုင်သော်လည်း ထိုဥများမှာ အကောင်မပေါက်နိုင်တော့ချေ။ ဤနည်းဖြင့် ခြင်ကျားမျိုးဆက်သစ် ကလေးများ မထွန်းကားနိုင်အောင် စင်္ကာပူ၏ တာဝန်ရှိသူများက လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူတို့၏ ဓာတ်ခွဲခန်းများတွင် လူကို မကိုက်တတ်သော ခြင်အထီးများကိုသာ မွေးကာ ဝိုဘာ့ခရာ ပါဝင်စေသည်။ ထို ခြင်အထီးများစွာကို အရပ်ထဲသို့ လွှတ်ကာ ဝိုဘာ့ခရာကင်းသော ခြင် ကျားမ အရိုင်းကလေးများနှင့် ဖူးစာဆုံစေအောင် ဖန်တီးပေးခြင်းမျိုးဖြစ်သည်။ ထိုနည်းသာ အလုပ်ဖြစ်လျှင် ခြင်အကောင်ရေရော အန္တရာယ်ပြုနိုင်ချေပါ လျော့ကျသွားမည်ဖြစ်သည်။
အထက်ပါ အစီအစဉ် နည်းလမ်းများကား ခြင်ကို ခြင်ချင်း တော်လှန်စေသော နည်းများပင်ဖြစ်သည်။ ခြင်သည် ရောဂါဘယများကို ဆောင်ကြဉ်းသည်။ လူကို ကူးစက်စေသည်။ လူတို့ ၏ ရုပ်နာမ် နှစ်ပါးကို ဒုက္ခပေး၏။ ယခုသော် လူများသည် ခြင်ကို နှိမ်နင်းရန် ဆန်းသစ်သော အစီအစဉ်များကို ပြု လုပ်လာကြပေပြီ။ တချို့နည်းများကား ခြင်များကို လုံးဝမျိုးသုဉ်းသွားစေနိုင်သည့် နည်းမျိုးဖြစ်သော်လည်း တချို့မှာ ခြင်တို့၏ ရောဂါသယ်ဆောင်ပျံ့ပွားစေသည့် အစွမ်းကိုသာ ထိန်းချုပ်လိုက်ခြင်း မျိုးဖြစ်သည်။ သို့ရာတွင် ဤနည်းများမှာ ခြင်ကျားအတွက်သာ အသုံးတွင်နေသေးသည်။ ကမ္ဘာပေါ်တွင် သန်း ပေါင်းများစွာသော ခြင်တို့ ရှိနေကြပေဦးမည်။ လူများသည်လည်း ခြင်များနှင့်ဆက်လက်စစ်ခင်းနေရပေဦးမည်။
ကိုးကား