BREAKING
January 14, 2025

တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

August 26, 2024

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဩဂုတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၈ တပ်ရင်းက လယ်သစ်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ယင်းသို့ပစ်ခတ်ပြီးနောက် ညနေ ၆နာရီခန့်တွင် ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာဘက်မှ လယ်သစ်ကျေးရွာကို လက်နက်ကြီးဖြင့်ထပ်မံ ပစ်ခတ်ခဲ့ကြောင်း လယ်သစ်ကျေးရွာ အနီးအနားတွင်နေသည့် ဒေသခံတစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ပစ်တာမျိုးပါ။ နှစ်ခု(ကြိမ်)ပေါင်းဆိုရင်တော့ အချက် နှစ်ဆယ် ဝန်းကျင်လောက်ရှိမယ်။ ရွာကသူတွေက ပြီးခဲ့တဲ့လ တိုက်ပွဲနဲ့ ရေဘေးကတည်းက ရှောင်နေကြတော့ ထိခိုက်မှုတော့မရှိခဲ့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

လယ်သစ်ကျေးရွာမှာ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်တွင်တည်ရှိပြီး ဇူလိုင်လနှောင်းပိုင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံကာလတွင် စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ထိုနောက် စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာသို့ ကျောက်တင်ကား ၃ စီးဖြင့် အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ကျေးရွာမှ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်မှ ဩဂုတ်လ ၃ရက်နေ့အထိ ရက်ရှည်စစ်ကြောင်းထိုးခဲ့သလို လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့သည်။

ထိုသို့စစ်ကြောင်းထိုးချိန်တွင် တော်လှန်ရေးပူး‌ပေါင်းတပ်များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများပြားပြီး ပြန်လည်ဆုတ်ခွာသွားသည်။