BREAKING
September 18, 2024

လောင်းလုံး ပြင်းထိန်ရွာကို စစ်ကောင်စီတပ် ညဘက်ဝင်ပြီး ဖုန်းနှင့် ငွေ များယူဆောင်

August 26, 2024

လောင်းလုံးမြို့နယ် ပြင်းထိန်ရွာကို စစ်ကောင်စီတပ်က မနေ့ ည ၂ နာရီခန့်တွင် ဝင်ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးကာ ဖုန်းနှင့် ငွေသားများ ယူဆောင်သွားကြောင်း ဒေသခံများ ကပြောသည်။

အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၂ နာရီ (မနေ့ည) တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် ဝင်ရောက်လာသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ညဖက်တစ်ခါမှ မဝင်ဖူးဘူး။ ဒီလို ဝင်မှန်းတောင်မသိဘူး။ အခု ဒီညထပ်လာမှပဲ ကြောက်နေရတယ်” ဟု ဒေသခံကပြောသည်။

စစ်ကောင်စီတပ်က ပြင်းထိန်ရွာကို ညဘက်ဝင်ရောက် စစ်ဆေးချိန် နေအိမ် ဆယ်လုံးကျော်ကို စစ်ဆေးပြီး ဖုန်း ၈ လုံး ခန့်ကို သိမ်းယူသွားသလို မွန့်တည့်ပိုင်း ဝင်စစ်သည့်အချိန်တွင်လည်း နေအိမ် ၈ ဆောင်ခန့်ကို စစ်ဆေးပြီး ဖုန်းနှင့်ငွေသားအချို့ကို ထပ်မံသိမ်းယူသွားသည်ဟု ဒေသခံကပြောသည်။

“အိမ်တစ်အိမ်က (ကျပ်)ငါးသိန်းပါတယ် ၊သူတို့ခေါ်လို့မနိုးတဲအိမ်တွေဆို ခဲနဲပေါက်တယ်၊ ရိုက်ဖွင့်တယ်၊ပါသွားတဲ့ဖုန်းတွေကတော့ ညဖက်ဆိုတော့ အားသွင်းပြီးအိပ်ယာဘေးနား ချထားတဲ့ ဖုန်းတွေပါသွားတယ်။ ခုက အိမ်မွေးကြက်တောင် မကျန်ဘူးယူတာ “ဟု ၎င်းဒေသခံကပြောသည်။

ယင်းအပြင် လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးပြီး ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည်ယခင်က ပြင်းထိန်ရွာသို့ နှစ်ကြိမ်ခန့် ဝင်ရောက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့လုပ်ဆောင်ခြင်းမျိုး မရှိကြောင်း ဒေသခံများကပြောသည်။

ထို့ကြောင့်ဒေသခံ များမှ စစ်ကောင်စီတပ် ညဖက်ထပ်ဝင်လာမည်ကို စိုးရိမ်နေရကြောင်း ပြောသည်။

ပြင်းထိန်ရွာသည် လောင်းလုံးမြို့အရှေ့ဘက် တွင်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။