BREAKING
January 15, 2025

ရေဖြူ ဇာဒီရွာနှင့် ပယရွာအကြားရှိ ရှားကုန်းဂိတ်တွင် ပစ်ခတ်မှုဖြစ်

August 26, 2024

ပုံစာ - ကံပေါက်၊ ပယ၊ ဇာဒီလမ်းပိုင်းတစ်နေရာ(ပုံဟောင်း) ဓာတ်ပုံ - ကံပေါက်သတင်းစုံ

ရေဖြူမြို့နယ် ဇာဒီရွာနှင့် ပယရွာအကြားရှိ ရှားကုန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက် အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားများက ပြောသည်။

“မျက်စိလင်းချိန် (နံနက်စောစော ၆ နာရီဝန်းကျင်) ကတည်းက ပစ်ကြတာပဲ။ လက်နက်ငယ်သံ သက်သက် မိနစ်၄ဝ လောက်ကြားတယ်။ ပြီးမှ လက်နက်ကြီးထုတယ်” ဟု ဇာဒီရွာသားတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ပယရွာအနီး ထွက်ဝရွာ ပင်လယ်ပြင်တွင် ရှိနေသည့် ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် ငါးချက် ပစ်ခတ်ကြောင်း ရွာသားများက ပြောဆိုသည်။

ညနေပိုင်းတွင်မူ အခြေအနေပြန်လည်ငြိမ်နေပြီး ပစ်ခတ်သံများ မကြားရတော့ကြောင်း ရွာသားများထံမှ သိရသည်။

ရှားကုန်းဂိတ်ကို မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်နှင့် ထိခိုက်မှု ရှိ မရှိတို့ကို စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် အင်အား ၂ဝဝ ကျော်ဖြင့် ဇွန်လနှောင်းပိုင်းတွင် ဇာဒီအုပ်စုကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်ဖောက်ထွင်း မှုများလည်း ပြုလုပ်ခဲ့ပြီးနောက် ရွာသားများနေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ရွာသားများက ဆိုသည်။

ထို့ကြောင့် ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ထိခိုက်ပျက်စီးမှု ရှိမရှိကို မသိရသေးကြောင်း ရွာသားများက ပြောဆိုသည်။

ဇွန်လ ၂၈ ရက်တွင် ‌ခွေးမဖောရွာလမ်းဆုံ၌ လမ်း ကင်းတာဝန်ယူနေသော မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများကို ဥဩစစ်ကြောင်းနှင့် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။