BREAKING
January 15, 2025

တနင်္သာရီရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရ

August 26, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တစ်ရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။

ဩဂုတ်လ ၂၄ရက် နံနက် ၈နာရီခွဲခန့်တွင် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၇ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၉နာရီခန့်တွင် တနင်္သာရီမြို့အဝင်ရှိ တံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။

ခမရ (၅၅၇) တိုက်ခိုက်မှုတွင် ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညနေ ၃ နာရီခွဲခန့်တွင် တနင်္သာရီမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အရှေ့ တောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ်၂၀ခန့် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

“အခုလို တစ်ရက်အတွင်း သုံးနေရာကို တိုက်ခိုက်ခဲ့တာဆိုတော့ သူတို့(စစ်ကောင်စီ)ဘက်က တော်တော်လေး ပျာယာခတ် သွားတာပေါ့။ ထိတ်လန့်မှုလည်း ရှိနိုင်တယ်ပေါ့” ဟု စစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရသွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်မှုသေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည် မပြုနိုင်သေးပေ။

ယင်းသို့ တစ်ရက်အတွင်း သုံးနေရာ တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်က လမ်းတစ်လျှောက် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများ ပိုလုပ်လာကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသုံးကြိမ်စလုံးကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ နှင့် ပူးပေါင်းစစ်ကြောင်း-၂ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။