BREAKING
September 16, 2024

လောင်းလုံး ကျေးရွာအချို့တွင် ကာလရှည်အရေပြားရောဂါဖြစ်

August 26, 2024

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာအပါအဝင် အနီးအနား ကျေးရွာတို့တွင် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။

ဇွန်လကတည်းက အရေပြားတွင် အပူဖုလိုမျိုး ထွက်ရာကနေ အရေပြားယားယံလာပြီး သုံးလခန့်အကြာ ယနေ့ အချိန်အထိ ရောဂါဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါအရေပြားရောဂါအဖြစ်အများဆုံးမှာ အောက်ကျောက်ဝပ်နှင့် ညောပြင်ကျေးရွာတို့တွင်ဖြစ်ပြီး ကလေး၊ လူကြီး အားလုံးနီးပါးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“စဖြစ်ဖြစ်ချင်းတုန်းကဆိုရင် (ရွာမှာ) အားလုံးနီးပါးမှာကိုဖြစ်တာ။ ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်အိမ်မှာတောင် လူခြောက်ယောက်ရှိတာ ငါးယောက်ဖြစ်တယ်” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။

အရေပြားယားနာနှင့်အတူ တုပ်ကွေးရောဂါလည်း ကူးစက်ပျံ့နှံ့နေကြောင်း ဒေသခံတို့က ဆိုသည်။

အရေပြားနှင့် တုပ်ကွေးရောဂါကို ဒေသတွင်းတော်လှန်ရေးအဖွဲ့ရှိ ဆေးအဖွဲ့တို့က လာရောက်ကုသပေးသဖြင့် သက်သာသူ အချို့ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရောဂါမသက်သာသေးသူများ ကျန်နေသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အခုချိန်အထိ ဖြစ်နေတုန်း။ ဆေးပေးထားတာတွေ သောက်နေဆဲပဲ။ အခုဆို တစ်ရွာမှာ လေးငါးဆယ်လောက် ကျန်ဦးမယ်နဲ့တူတယ်” ဟု ဆေးကုသရာတွင် လိုက်လံကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာတို့သည် ထားဝယ်မြို့ပေါ်သို့ ဆေးကုသွားမည်ဆိုပါက စစ်ကောင်စီနှင့် ပျူစောထီးတို့ တပ်စွဲထားသည့် ကျောက်နီမော်ကျေးရွာကို ဖြတ်သွားရမည်ဖြစ်သည်။

‌ဒေသခံတို့က ကျောက်နီမော်ကျေးရွာကို မဖြတ်ရဲကြသဖြင့် အချိန်မီဆေးကုသခွင့်မရကြဘဲ ကူးစက်မှုများသွားရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

“ပုံမှန်ဆိုရင် အပူဖုတွေက မိုးရာသီဆိုရင် ပျောက်သွားရမှာကို မပျောက်ဘဲ အခုမှ ပိုဆိုးလာသလိုဖြစ်နေတာ။ အဓိက ကတော့ မြို့ပေါ်သွားပြီး ဆေးကုလို့မရ‌တော့ ရောဂါအဖြစ်များလာတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ‌ဒေသတွင်းတော်လှန်ရေးတပ်တို့၏ ဆေးအဖွဲ့က လာရောက်ကုသပေးရာတွင် ကျေးရွာ ခြောက်ရွာမှာ အရေပြားရောဂါနှင့် ရာသီတုပ်ကွေးဖြစ်ပွားနေသူ ၇၀၀ ကျော်ကို ကုသပေးခဲ့ရသည်ဟုဆိုသည်။

အရေပြားရောဂါနှင့် ရာသီတုပ်ကွေးရောဂါတို့ ကူးစက်နေသည့် ကျေးရွာတို့မှာ ရေလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသည့် ကျေးရွာများဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက တီဘီရောဂါကဲ့သို့သော ကူးစက်ရောဂါအဖြစ်များသည့် ဒေသလည်းဖြစ်သည်။