BREAKING
October 18, 2024

မြေအောက်ရထားလမ်းပြိုကျမှုတွင် ပိတ်မိနေသည့် မြန်မာတစ်ဦးအပါအဝင်သုံးဦး အသက်ရှင်နေကြောင်း လက္ခဏာတွေ့

August 26, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို ရှာဖွေကယ်ဆယ်နေရာ ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်နေသေးသည်ဟု ယုံကြည်ရသော လက္ခဏာ (vital signs) ကို စစ်ဆေးတွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်က မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိသွားသော အလုပ်သမားသုံးဦးကို မြေတူးစက်များဖြင့် ရှာဖွေကယ်ဆယ်နေရာ တစ်ရက်ကျော်အကြာ ယနေ့ ဩဂုတ်လ ၂၆ရက် နံနက် ၄ နာရီခွဲခန့်က အသက်ရှင်နေသေးသော လက္ခဏာများကို ရေဒါက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အထဲပိတ်မိနေသူများကို ရေဒါစနစ်ဖြင့် ရှာဖွေနေရာ ရေဒါတွင် ပိတ်မိနေသူ သုံးဦးစလုံး အသက်ရှင်နေသေးသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ရေဒါတွင် တွေ့ရှိသော နေရာနှင့် အဆက်အသွယ်ရရှိရန် ကြိုးစားနေဆဲဖြစ်ပြီး မည်သို့ကယ်ဆယ်ရမည်ကို အသေးစိတ်ဆွေးနွေးနေဆဲဖြစ်ကြောင်း ဆိုသည်။

မြေပြိုကျမှုကြောင့် ပိတ်မိနေသူတို့မှာ ထရပ်ကားမောင်းသူ မြန်မာအလုပ်သမားတစ်ဦးနှင့် တရုတ်နိုင်ငံသား နှစ်ဦးတို့ ဖြစ်ကြသည်။

ရထားလမ်းပြိုကျမှုသည် လှိုင်ခေါင်းဝင်ပေါက်နှင့် ၄ ကီလိုမီတာခန့်အကွာတွင် ဖြစ်ခဲ့သဖြင့် ပိတ်မိနေသူများထံသို့ ရောက်ရှိရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ဘက်ဟိုးများ၊ မြေတူးစက်များဖြင့် တူး၍ အထဲသို့ ရောက်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ပြိုကျမှုဖြစ်ခဲ့သော လုပ်ငန်းခွင်သည် တရုတ်-ထိုင်း မြန်နှုန်းမြင့် မြေအောက်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ဖြစ်သည်။

မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းသည် အရှည် ၂၅၁ ကီလိုမီတာရှိပြီး ဘန်ကောက်-နခွန်ရတ်ချ်စီမားခရိုင်များကို ဆက်သွယ်ထားကာ လာမည့် ၂၀၂၈ တွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

Ref: Khaosod English, The Nation, CH 3 Plus