ကိုဗစ်တတိယလှိုင်းတွင် နိုင်ငံကျော် အနုပညာရှင်ကြီးများ ကြွေလွင့်နေကြသည်။ အထူးသဖြင့် သက်ကြီးဝါးကြီး အနုပညာရှင်၊ အတတ်ပညာရှင်များ ကြွေလွင့်သွားခဲ့ကြသည်။
ယင်းအတို့အထဲတွင် တနင်္သာရီတိုင်းသား အနုပညာရှင်များလည်းပါဝင်ပေသည်။ စေ့ငုမိသမျှ တနင်္သာရီတိုင်းသား စာပေအနုပညာရှင်လေးဦး ကြွေလွင့်သွားပြီဖြစ်သည်။
၎င်းတို့လေးဦးအား ကွယ်လွန်သွားသည့်ရက်စွဲအလိုက် မှတ်တမ်းတင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဦးကိုကိုကြီး
ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ကိုတည်ထောင်ခဲ့သူဖြစ်သော ဦးကိုကိုကြီးသည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဩဂုတ်လ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။
ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကကို နိုင်ငံတော်အဆင့်အခမ်းအနားများတွင် တင်ဆက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၉ ခုနှစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်သော ထိုင်း-မြန်မာနယ်စပ်အစည်းအဝေးတွင် ထားဝယ်ရိုးရာအကဖြင့် စတင်တင်ဖျော်ဖြေခွင့်ရခဲ့သည်။
ယင်းအချိန်မှစပြီး ယနေ့အချိန်အထိ ပြည်ထောင်စုနေ့အခမ်းအနားတွင် ထားဝယ်ရိုးရာအကဖြင့် ဖျော်ဖြေခွင့်ရရှိခဲ့သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ထားဝယ်ရိုးရာအကများကိုလည်း ဆန်းသစ်တီထွင်ခဲ့ပေသည်။
ရှေးဆရာကြီးများရေးသားခဲ့သည့် ထားဝယ်သီးချင်းကိုအခြေခံပြီး ဒါန်းကျွတ်ဘိမျှောပွဲ( သီးတင်းကျွတ်သပိတ်မျှောပွဲ)၊ ညောန်ဗန်ကသေ၊ ဘုန်းဘုန်လားကိုးတောင် စရှိသည့် ထားဝယ်ရိုးရာအက ၃၇ မျိုးကို တီထွင်ခဲ့ခြင်းဖြစ်သည်။
ထားဝယ်ရိုးရာအကအား ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်မှ တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပြီးနောက် အကဖန်တီးခဲ့သူ ဦးကိုကိုကြီးအား နိုင်ငံတော်မှ စီမံထူးချွန်(တတိယအဆင့်)ကို ၁၉၉၃ ခုနှစ် တွင်ချီးမြှင့်ခဲ့သည်။
ဦးကိုကိုကြီးသည် ထားဝယ်အမှတ်(၁) အလယ်တန်းကျောင်းဆရာဘဝက ၁၉၉၅ ခုနှစ်မှစပြီး ထားဝယ်ရိုးရာအကများ၊ ဒိန်းသီးချင်းများကို ဖန်းတီးခဲ့ခြင်းဖြစ်ပေသည်။
ဖော်ပြပါအချက်အလက်များကို တနင်္သာရီတိုင်းမဂ္ဂဇင်းတစ်စောင်တွင် ဦးကိုကိုကြီးကိုယ်တိုင်ရေးသားထားသည့် “ထားဝယ်ရိုးရာတေးသီးချင်းများ စပ်ဆိုထိန်းသိမ်းလာကြခြင်း” ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်။
မောင်ကြည်ဝင်း(ထားဝယ်)
မောင်ကြည်ဝင်း (ထားဝယ်) သည် စာရေးဆရာတစ်ဦးဖြစ်သည်။ ထားဝယ်ဒေသိယစကား စာအုပ်အား ရေးသားထုတ်ဝေရန် စီစဉ်နေဆဲ ဩဂုတ်လ ၈ ရက်တွင် ကိုဗစ်ရောဂါဖြင့်ပင် ထားဝယ်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။
နာမည်အရင်းမှာ ဦးကြည်ဝင်းပင်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် ရုပ်ရှင်မျက်မှန် မဂ္ဂဇင်တွင်ရေးသားခဲ့သည့် “သစ္စာလွင်ပြင်” ရုပ်ရှင်းဆောင်းပါးဖြစ် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုနောက် ရုပ်ရှင်မျက်မှန်တွင်ပင် ပင်တိုင်ဆောင်းပါးရှင်အဖြစ်ရေးသားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် သွေးသောက်မဂ္ဂဇင်း၊ ၁၉၈၃ ခုနှစ်တွင် စန္ဒာမဂ္ဂဇင်းတို့တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားခဲ့သည်။
၁၉၈၁ ခုနှစ် တနင်္သာရီတိုင်းမဂ္ဂဇင်ထုတ်ဝေရာတွင်လည်း အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ထားဝယ်စာပေလုပ်သားအဖွဲ့ အလုပ်အမှုဆောင်၊ ယင်းမှတစ်ဆင့် အတွင်းရေးမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။
မောင်ကြည်ဝင်း(ထားဝယ်) သည် မဂ္ဂဇင်းများတွင် ဘာသာရေးဆောင်းပါးများ၊ ဆေးပညာသုတဆောင်းပါးများ၊ ဂမ္ဘီရဆောင်းပါးများ စသည်တို့ကိုရေးသားခဲ့ပြီး ဆောင်းပါးအပုဒ်ရေ လေးရာနီးပါးရှိလေသည်။
တနင်္သာရီတိုင်း အခြေစိုက်သတင်းစာတစ်စောင်ဖြစ်သည့် တနင်္သာရီအပတ်စဉ်တွင်လည်း ဆောင်းပါးများ ရေးသားခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ်တွင် သူ၏ ပထမဆုံးသော လုံးချင်းဝတ္တုဖြစ်သည့် “လူသေလျှင် ခုနစ်ရက်နေရသောနှင့် သုတ၊ ရသ၊ ဓမ္မ စုစုများ” စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။
မိုးပြာ၊ ကောင်းကျော်ဟိန်း တို့မှာ သူ၏ ကလောင်ခွဲများဖြစ်သည်။
သောင်းတင်(ရွှေမြိတ်)
ကလောင်အမည် သောင်းတင်(ရွှေမြိတ်) ခေါ် ရွှေမြိတ်သောင်းတင်၏ နာမည်အရင်းမှာ ဦးသောင်းတင်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ကန်တော့ခံစာရေးဆရာတစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ် စာရေးဆရာအသင်း၏ နာယကလည်းဖြစ်သည်။
ဩဂုတ်လ ၄ ရက်က ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်သည်။
၁၉၇၅ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် “ကိုကို ညီညီ” မှာ ရွှေမြိတ်သောင်းတင်၏ ဝတ္တုကို ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဇတ်ကားတွင် ညွန့်ဝင်း၊ ခင်သန်းနု၊ ဆွေဇင်ထိုက် စသည့် နာမည်ကြီး သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြသည်။
ဦးသောင်းတင်သည် မြိတ်မြို့ ကန်ဖျားအရပ်နေ ဦးစံမင်း၊ ဒေါ်ပေါရင်တို့၏ အကြီးဆုံးသားဖြစ်သည်။ ကလေးဘဝကတည်းကပင် ရန်ကုန်မြို့သို့ မိသားစုအလိုက် ပြောင်းရွေ့သွားခဲ့သည်ဟု ခန့်မှန်းရသည်။ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းနိုင်ရေး ကြိုးစားခဲ့သေးသော်လည်း အဆက်အသွယ်မရခဲ့ပေ။
ဦးသောင်တင်းခေါ် ရွှေမြိတ်သောင်းတင်ခေါ် သောင်းတင်(ရွှေမြိတ်) သည် လုံးချင်းဝတ္တု၊ ဝတ္တုတို၊ ကဗျာ တို့ကိုရေးသားသည့် စာရေးဆရာကြီးတစ်ဦးဖြစ်ကြောင်း ဖော်ပြအပ်ပေသည်။
ပန်းချီကျော်ကျော်
ပန်ချီကျော်ကျော်မှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သား မီးပုံးပျံဦးကျော်ရင်၏ မြေးဖြစ်သည်။ နာမည်အရင်းမှာ ဦးမောင်မောင်ကျော်ဖြစ်သည်။
သူသည် နှလုံးအမောဖောက်ပြီး ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ်ရှိနေအိမ်တွင်ပင် ဇူလိုင်လ ၁၀ ရက်က ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည်။
အသက် ၃ နှစ်အရွယ်မှစပြီး ရန်ကုန်မြို့သို့ မိသားစုအလိုက်ပြောင်းရွှေ့သွားခဲ့သည်။ ၁၉၇၁ ခုနှစ်မှစပြီး ရုပ်ရှင်မင်းသား ဝင်းဦးနှင့်တွက်ဖက်ပြီး မဂ္ဂဇင်းသရုပ်ဖော်ပုံများ စတင်ရေးဆွဲခဲ့သည်။
ထိုနောက် ၁၉၉၀ ခုနှစ်မှ ကွယ်လွန်အချိန်အထိ ရေဆေး၊ ဆီဆေး ပန်းချီကားများကိုရေးဆွဲခဲ့သည်။
ထားဝယ်မြို့ပြတိုက်တစ်ခုအတွက် မီးပုံပျံတစ်လုံးအရှေ့တွင်ရပ်နေသော ဦးကျော်ရင်ပုံတူးပန်းချီကားတစ်ချပ်ကို ၂၀၁၇ ခုနှစ်တွင် သူကိုယ်တိုင်ရေးဆွဲခဲ့သည်။