BREAKING
January 11, 2025

လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည်

August 26, 2020

သစ်တောဦးစီးဌာနတွင် တရားဝင် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ ကိုင်ဆောင် အသုံးပြုနေသည့် လက်ကိုင်လွှစက် (Chain Saw) များကို တစ်နှစ်အတွင်း လာရောက်အပ်နှံရမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။

ယင်းအပြင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် လက်ကိုင်လွှစက်တင်သွင်း ရောင်းချနေသည့် ကုမ္ပဏီ၊ အရောင်းဆိုင် များအနေနှင့် တင်သွင်းလာသည့် စက်အမျိုးအစား၊ စက်အင်အား၊ စက်အရေအတွက်နှင့် ရောင်းထွက်သွားသည့် စက် စာရင်းကို သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ထံတွင် လစဉ်စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

နှာခေါင်းစည်းများ ဈေးပြန်တက်

“ဒီလို ပြန်သိမ်းလိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ သစ်တော များပြုန်းတီးခြင်းကို အထိုက်အလျောက်တော့ အထောက်အကူဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

သစ်တောများပြုန်းတီးခြင်းသည် လက်ကိုင်လွှစက်တစ်ခုတည်းကြောင့် မဟုတ်သော်လည်း ယင်းစနစ်ကို အခြား နိုင်ငံများတွင်လည်း ကျင့်သုံးလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

ယခု ၂၀၂၀ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ နေ့အထိကို ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ လက်ကိုင်လွှစက်များ တင်သွင်းမှု၊ အသုံးပြုမှုကို ထိန်းချုပ်နိုင်ရေးနှင့် တရားမဝင်လက်ကိုင်လွှစက်များ ပပျောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒေသန္တရအမိန့်ထုတ်ပြန်နိုင်ရန် တိုင်းသစ်တောဦးစီးဌာနသို့ ညွှန်ကြားထားခြင်းဖြစ်သည်။

လက်ကိုင်လွှစက် တရားဝင်အသုံး ပြုခွင့်ရှိသည့် သစ်အချောထည်စက်များ၊ သစ်စက်များ၊ အသေးစားအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ၊ ပရိဘောဂဆိုင်များ၊ လက်ကိုင်လွှစက်အသုံးပြုရန်လိုအပ်သော ဌာနဆိုင်ရာအဖွဲ့အစည်းများသည် စက်အမျိုးအစား၊ စက်အင်အား၊ ဆောင်ရွက်မည့် လုပ်ငန်းအကျဉ်းချုပ်နှင့် အသုံးပြုမည့် စက်လွှကို ဓာတ်ပုံ မှတ်တမ်းနှင့်အတူ မြို့နယ်သစ်တောဦးစီးဌာနသို့ အသုံးပြုခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း အမိန့်ညွှန်ကြားစာတွင် ဖော်ပြထားသည်။

လက်ကိုင်လွှစက် တင်သွင်းရောင်း ချနေသော ကုမ္ပဏီနှင့် အရောင်းဆိုင်များသည် တင်သွင်းဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းကို သက်ဆိုင်ရာ ခရိုင်သစ်တော ဦးစီးဌာန၏ ထောက်ခံချက်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သတ်မှတ်ထားသည့် ပညာပေး ကာလကျော်လွန်ပါက လက်ကိုင်လွှစက်များကို လက်ဝယ်ထားရှိခြင်း၊ သယ် ဆောင်ခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်း၊ တရားမဝင်ရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက သစ်တောဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ(ခ)အရ ခုနစ်နှစ်ထက်မပိုသောထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ်ဆယ်သိန်းအထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။

ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

သက်ဆိုင်ရာ မြို့နယ်သစ်တော ဦးစီးဌာနမှ လက်ကိုင်လွှစက် လက်ဝယ် ကိုင်ဆောင်အသုံးပြုခွင့်ရရှိသူကို သက်တမ်း တစ်နှစ် ခွင့်ပြုမှတ်ပုံတင်ပေးပြီး သက်တမ်း တိုးလျှောက်ထားလိုပါက နှစ်စဉ်မှတ်ပုံ တင်ကြေးအဖြစ် အခွန်တော် တစ်သောင်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်လွှစက်လုပ်ကိုင်ခွင့်ရထားသူသည် စက်လွှကို မှတ်ပုံတင်ထားသည့် မြို့နယ်မှ ပြင်ပသို့ ရွှေ့ပြောင်းယူ ဆောင် လုပ်ကိုင်လိုပါက သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြု မိန့်မရှိဘဲ အခြားနေရာသို့ ရွှေ့ပြောင်းသယ်ယူလုပ်ကိုင်ခွင့်မရှိပေ။

မိုးမြင့်