BREAKING
January 16, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

July 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ

သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ရွေးကောက်ပွဲက နုတ်ထွက်

လာမယ့် အမေရိကန်ပြည်ထောင်စုရဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံတော့မှာ မဟုတ်တော့ဘူးလို့ သမ္မတဂျိုးဘိုင်ဒင်က ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာခဲ့ပါတယ်။

ပါတီနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ဆက်မပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ဆိုတာပါ။

ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းအနေနဲ့ သူ့နေရာမှာ ဒုသမ္မတ ကာမလာဟဲရစ်ကို အစားထိုးဖို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

ကာမလာဟဲရစ်က အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသော အမျိုးသမီး ဒုသမ္မတတစ်ဦးဖြစ်သလို အမျိုးသမီးတွေထဲ အမြင့်ဆုံးရာထူးရှိခဲ့သူပါ။

သူက အာရှ-အာဖရိက-အမေရိက ဆက်စပ်ထားသော ပထမဆုံးဒုသမ္မတတစ်ဦးလည်း ဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ယူအေအီးတွင် ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀ ကျော် ထောင်ချခံရ

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ဆန္ဒပြပွဲတွေကို တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၇ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်အကိုင် နေရာတွေအတွက် ခွဲတမ်းပေးတဲ့ စနစ်ကို မကျေနပ်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာပါ။

ဒါကြောင့် ပြည်ပရောက်နေသူတွေလည်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေထဲက ၃ ဦးကို ထောင်ဒဏ်တစ်သက်၊ ၅၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်၊ ကျန် ၁ ဦးကို ထောင်ဒဏ် ၁၁ နှစ် စီရင်ချက်ချခဲ့တယ်လို့ နိုင်ငံပိုင်သတင်းက ကြေညာခဲ့ပါတယ်။

ထောင်ချခံရသူတွေက ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့ပြီး လမ်းတွေပေါ်မှာ ဆူပူမှုဖြစ်အောင် လုပ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Ref: BBC

………………………………..

နီပေါတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှု ၁၈ ဦးသေဆုံး

နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်သွားတဲ့ ခရီးသည်တင် လေယာဉ်တစ်စီးက ဇူလိုင်လ ၂၄ ရက်နေ့မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၁၈ ဦး သေဆုံးသွားခဲ့ပါတယ်။

မီးလောင်နေတဲ့ လေယာဉ် အပျက်အစီးပုံကြားကနေ လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ စိုးရိမ်ရနေဆဲပါ။

ခတ္တမန္ဒူကနေ အပန်းဖြေမြို့ ပိုခါရာကိုသွားတဲ့လေယာဉ်ပေါ် ခရီးသည် ၁၇ ဦးနဲ့ အမှုထမ်း ၂ ဦး လိုက်ပါသွားခဲ့ပါတယ်။

သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို သယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲမှာ ယီမင် နိုင်ငံသား တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

နေ့လည် ၁၁ နာရီမှာ လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီးပြီးချင်း မကြာခင်မှာပဲ ညာဘက်ကို ယိမ်းသွားပြီး လေယာဉ် ပြေးလမ်းရဲ့ အရှေ့ဘက်ကို ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

………………………………..

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်မှာ အနည်းဆုံး ၂၅ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံနဲ့ ထိုင်ဝမ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Gaemi ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့်ရော မုတ်သုံမိုးရွာသွန်းမှုကြောင့်ပါ ရေကြီး ရေလျှံမှုတွေ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်မှာ သေဆုံးသူ ၂၂ ဦးအထိ မြင့်တက်ခဲ့ပါတယ်။

မနီလာမြို့တော်အနီးမှာလည်း မြေပြိုမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးသုံးဦး သေဆုံးခဲ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်း Gaemi ဟာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၆၂ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

မြေပြိုမှုအန္တရာယ်ကြောင့် တောင်ပေါ်ဒေသတွေက လူပေါင်း ၂၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ပါတယ်။

ဖိလစ်ပိုင်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းက ဇူလိုင်လ ၂၅ ရက်နေ့မှာ ထိုင်ဝမ်ကျွန်း မြောက်ပိုင်းကို ဆက်တိုက်ဝင်ရောက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးပြီး ၃၈၀ ဦးဒဏ်ရာရထားတယ်လို့ ထိုင်ဝမ်အစိုးရက ကြေညာထားပါတယ်။

၈ နှစ်တာကာလထဲမှာ အင်အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်း Gaemi က အရှေ့မြောက်ကမ်းခြေကို ဝင်ရောက်ခဲ့ပြီး တစ်နာရီ ၁၄၁ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် အိမ်ခြေ ၅ သိန်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းက တရုတ်ကို ဦးတည်သွားနေပါတယ်။

Ref: AP

………………………………..

လုံးဝအနိုင် တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်က အမေရိကန်လွှတ်တော်မှာ ပြောကြား

ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်ရဲ့ စစ်ရေးစွမ်းရည်တွေကို လုံးဝဖျက်ဆီးနိုင်တဲ့အထိ အစ္စရေးအနေနဲ့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန်လွှတ်တော်တွင် ပြောကြားခဲ့ပါတယ်။

စစ်ပွဲကို အလုံးစုံအောင်နိုင်တဲ့အထိ တိုက်ခိုက်ဖို့အသင့်ရှိတယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့က ပြောကြားခဲ့တာပါ။

ဂါဇာစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ အမေရိကန် လွှတ်တော်အနီးမှာ စုရုံးခဲ့ကြပြီး အစ္စရေးဝန်ကြီးချုပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို အပစ်ခတ် ရပ်စဲရေး သဘောတူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဟားမတ်ကသာ လက်နက်ချပြီး ဓါးစာခံတွေ အကုန်လွှတ် စစ်ပွဲကို အရှုံးပေးရင် မနက်ဖြန်လည်း စစ်ပွဲပြီးနိုင်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

Ref: CNN

………………………………..

အစ္စရေးဓားစာခံ ၅ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဟာမတ်စ်အဖွဲ့တွေက အစ္စရေးကို တိုက်ခိုက်ခဲ့တုန်းက ဓါးစာခံအဖြစ်ဖမ်းဆီးပြီး သတ်ခံလိုက်ရတဲ ၅ ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီထဲက ၄ ဦးကတော့ တိုက်ပွဲအတွင်း ဖမ်းခံလိုက်ရတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

ဟာမတ်စ်အဖွဲ့က အဲဒီ လူ ၅ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဂါဇာဒေသထဲကို သယ်ဆောင်သွားတာဖြစ်ပါတယ်။

နောက် အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းက ခန်းယွန်းနစ်မြို့မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

အောက်တိုဘာလက ဟားမတ်စ်အဖွဲ့ရဲ့ လက်ချက်ကြောင့် လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ၂၅၀ ကို ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီထဲက ၁၁၁ ဦးက ဖမ်းဆီးခံထားရပြီး ၃၉ ဦးက သေဆုံးခဲ့ပြီလို့ ယူဆထားပါတယ်။

Ref: BBC

………………………………..

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အာရှခရီးစဉ်စတင်

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ၁၀ ရက်ကြာ အာရှခရီးစဉ်ကို ဇူလိုင် ၂၅ ရက်နေ့မှာ စတင်လိုက်ပါတယ်။

အခု သွားရောက်မယ့် ခရီးစဉ်က အာရှဒေသကို ၁၈ ကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ မွန်ဂိုလီးယား နိုင်ငံတွေကို သွားရောက်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Ref: Neikei Asia

………………………………..

အမေရိကန်မှာ တောမီးလောင်နေ

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းနဲ့ ကနေဒါနိုင်ငံတို့မှာ တောမီးလောင်နေခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကယ်လီဖိုးနီးယား၊ အော်ရီဂွန်၊ အာရီဇိုးနား၊ ဝါရှင်တန်နဲ့ တခြားအမေရိကန်အနောက်ခြမ်းပြည်နယ်တွေအပြင် ကနေဒါနိုင်ငံမှာပါ လောင်ကျွမ်းနေခဲ့တာပါ။

တောမီးကြောင့် အိမ်ပေါင်းမြောက်များစွာ ဆုံးရှုံးရသလို လူပေါင်းများစွာလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

တောမီးတွေကြောင့် မီးခိုးနဲ့ မီးခိုးမှုန်တွေဟာ အနီးနားက လေထုအရည်အသွေးကို ထိခိုက်နေလို့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

တောမီးကြောင့် အော်ရီဂွန်မှာ မြေဧက ၂၈၀၀၀၀ ကျော်နဲ့ ကယ်ရီဖိုးနီးယားမှာ မြေဧက ၁၄၅၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီဖြစ်တယ်လို့မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကယ်လီဖိုးနီးယားမှာ တောမီးရှို့ခဲ့သူလို့ သံသယရှိတဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

Ref: CNN

………………………………..

ဘင်္ဂလားဒေရှ့်မှာ ဆန္ဒပြ ကျောင်းသားများတောင်းဆိုချက်ကို တရားရုံးက လက်ခံ

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အလုပ်အကိုင်ချထားပေးတဲ့ ခွဲတမ်းစနစ်ကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို တရားရုံးချုပ်က ဇူလိုင်လ ၂၁ ရက်နေ့က လက်ခံပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြလို့ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတာပါ။

လွတ်လပ်ရေးစစ်ပြန်တွေအတွက် အလုပ်အကိုင်ခွဲတမ်းကို မူလက ၃၀ ရာခိုင်နှုန်းကျော် ချထားပေးရာကနေ ယခု ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ အမိန့်ချလိုက်တာဖြစ်ပါတယ်။။

အလုပ်နေရာ ၉၃ ရာခိုင်နှုန်းကိုလည်း အရည်အချင်းအလိုက် ခွဲဝေချထားပေးဖို့နဲ့ ကျန် ၂ ရာခိုင်နှုန်းကို လူနည်းစုတိုင်းရင်းသားတွေ လိင်ပြောင်းတွေ မသန်စွမ်းသူတွေအတွက် ခွဲဝေချထားဖို့ တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ အမိန့်ကို ကျောင်းသားတွေက ကြိုဆိုခဲ့ကြသလို ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ဆန္ဒပြပွဲမှာ အကြမ်းဖက်ခဲ့တဲ့ အရာရှိတွေ ရာထူးကနုတ်ထွက်ပေးဖို့နဲ့ ကျန်တောင်းဆိုချက်တွေ မရမချင်း ဆက်တောင်းဆိုဆန္ဒပြသွားမယ်လို့ ဆိုထားပါတယ်။

Ref: Aljazeera

………………………………..