BREAKING
September 7, 2024

လောင်းလုံး ကျောက်နီမော်ရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦးပစ်ခတ်ခံရ

July 26, 2024

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သား နှစ်ဦးပစ်ခတ်ခံရကြောင်း ဒေသခံများကပြောသည်။

ကျောက်နီမော် ဘုရားတောင် စစ်ကောင်စီ ယာယီတပ်စခန်းက စစ်ကောင်စီတပ်သား နှစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာထဲ ဈေးဝယ်ဆင်းလာတယ်ထင်တယ်။ အထက်ကွက်သစ် (တိုးချဲ့ရပ်ကွက်) ဘက်မှာ ပစ်ခံရတယ်လို့ပြောတယ်” ဟု ‌၎င်းက ပြောဆိုသည်။

ဒေသခံအခြားတစ်ဦးကမူ စစ်ကောင်စီတပ်သားနှစ်ဦးစလုံး သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း ပစ်ခတ်သည့် အဖွဲ့က သိမ်းဆည်းသွားသည်ဟု ဆိုသည်။

မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရသေးသလို စစ်ကောင်စီတပ်များ သေဆုံးသည်ဆိုသည့် ပြောဆိုချက်မှုအပေါ်လည်း Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီးနောက် ဘုရားတောင် စစ်ကောင်စီယာယီစခန်းက ကျောက်နီမော်ရွာထဲသို့ လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်ကလည်း ကျောက်နီမော်ရွာ ပျူစောထီးဒုခေါင်းဆောင် စီးလာသည့်ကား ပစ်ခတ်ခံရပြီး ကားနှင့် လက်နက်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းခဲ့သေးသည်။