BREAKING
September 7, 2024

ကံပေါက်ဈေးအနီးရှိ ဈေးဆိုင်နှင့် နေအိမ်များဖောက်ထွင်းခိုးယူခံရ

July 26, 2024

ပုံစာ - ကံပေါက်ဈေး (ပုံအဟောင်း) ၊ ဓာတ်ပုံ - ကံပေါက်သတင်းစုံ

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ စည်ပင်သာယာဈေးအနီးရှိ လူနေအိမ်နှင့် ဈေးဆိုင်များ ဇူလိုင်လ တတိယအပတ်တွင် ဖောက်ထွင်း ခိုးယူခံရကြောင်း ခိုးခံယူရသည့် နေအိမ်၊ စျေးဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ တတိတယအပတ်က ကံပေါက်ဈေးအရှေ့ ရှိ ဆောက်လက်စ နေအိမ်တစ်လုံးတွင် လုပ်ငန်းခွင်သုံး ဆောက်လုပ်ရေးပစ္စည်းများ ပျောက်ဆုံးသွားကြောင်း အိမ်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပစ္စည်းပျောက်သဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး အဟောင်းပစ္စည်းဆိုင်များမှတစ်ဆင့် လိုက်လံစုံစမ်းရာ ခိုးယူခံရ သည့် ပစ္စည်းများကို လာရောက်ရောင်းချသည့် အသက် ၃ဝ ဝန်းကျင်အရွယ် ကံပေါက်ဒေသခံ အမျိုးသားတစ်ဦးကို ဇူလိုင်လ ၂၅ ရက်တွင် ဖမ်းမိကြောင်း ၎င်းက ဆိုသည်။

“ပျောက်တဲ့ အထဲမှာ ကြွေပြားဖြတ်ခုံ၊ ဘိလပ်မြေလွန်စက်၊ မီးကြိုးခွေနဲ့ အခြားပန်းရံ၊ ဂဟေပစ္စည်းတွေ ပါတယ်။ အဟောင်းဆိုင်ကနေ ခြေရာခံမိတဲ့ ခိုးတဲ့လူကိုတော့ ရဲစခန်းပို့ထားတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းဖြစ်စဉ် မဖြစ်မီ သုံးရက်ခန့်ကလည်း ကံပေါက်ဈေးအနီး လှည်းကုန်းရပ်ကွက်က ကုန်စုံဆိုင်တစ်ဆိုင် ဖောက်ထွင်း ခံရပြီး ဆေးလိပ်နှင့် အရက် ကာလတန်ဖိုး ကျပ်ခြောက်သိန်းနီးပါး ခိုးယူခံခဲ့ရကြောင်း ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

အဆိုပါ ကုန်စုံဆိုင်အား ဖောက်ထွင်းသွားသူကိုမူ ရှာမတွေ့သေးကြောင်း ၎င်းက ဆိုသည်။

ကံပေါက်ဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ ကုန်ခြောက်ပစ္စည်း ရောင်းသည့် ဈေးရုံရှိ ဆိုင်ခန်းသေတ္တာများတွင်လည်း ပစ္စည်းပျောက်ရှမှုများ ရှိကြောင်းဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

ကံပေါက်ဈေးသည် ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်တွင်တည်ရှိပြီး ပတ်ဝန်းကျင်ရှိ ကျေးရွာများအားလုံးနီးပါး ရောင်းဝယ်ဖောက်ကားသည့် ဈေးဖြစ်သည်။