BREAKING
October 18, 2024

ဘီးလင်းတွင် ရေကြီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းယာယီပိတ်

July 26, 2024

ပုံစာ - ယနေ့ ဇူလိုင်လ ၂၆ ရက် ဘီးလင်းရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်နေသည့် အခြေအနေ။ ဓာတ်ပုံ - ဒေသခံတစ်ဦး။

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ မြင့်တက်လာသောကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေသည့်အတွက် ကားဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြောင့် ဘီးလင်းရေသည် ဇူလိုင်လ ၂၅ ရက် ညနေပိုင်းမှစတင်ကာ မြစ်ရေ မြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၈၅ စင်တီမီတာထိ မြင့်တက်နေသည်။

ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေသည့်အပြင် ဘီးလင်းအပိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လည်း ရေ နှစ်ပေခွဲခန့်အထိ ရေကျော်နေကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ကားလမ်းရေကျော်နေသည့်အတွက် ကားများဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားရကြောင်း ၎င်းတို့က ဆိုသည်။

“ကားလမ်းပေါ်မှာ တချို့နေရာမှာ ၂ ပေ၊ တချို့နေရာက ၂ ပေခွဲလောက်ထိ ရေကျော်နေပါတယ်။ ကားကြီး ကားသေး ဖြတ်သန်းလို့ အဆင်မပြေပါဘူး။ ရေစီးတအားသန်ပါတယ်။ ဒီနေ့ကတော့ လမ်းကြောင့်ပွင့်မယ် မထင်ပါဘူး။ မိုးကလည်း ဆက်တိုက်ရွာနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မဖြစ်မနေ အရေးကြီးကိစ္စသွားလာရမည်ဆိုပါက လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လှေဖြင့် သွားလာနေရကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဘီးလင်းမြစ်ရေ မြင့်တက်နေသည့်အတွက် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက် အပါအဝင် မြစ်ကမ်းဘေး ရပ်ကွက်များက အိမ်ထောင်စု ၁၈၀ ကျော် လူဦးရေအားဖြင့် ၈၀၀ ကျော် ယာယီရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အနိမ့်ပိုင်းနေတဲ့ လူတချို့ကတော့ ပြောင်းရွှေ့ထားရတာရှိတယ်။ ရေကတော့ မြုပ်နေဆဲပေါ့လေ။ တကယ်လို့ မြစ်ရေက ပိုပြီး တက်လာမယ်ဆိုရင် ပြောင်းရရွှေ့ရတာ များလာမယ်” ဟု ၎င်းက ပြောသည်။

ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ဇူလိုင်လ ၂၆ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ၁၁၀၇ စင်တီမီတာအထိ ရှိခဲ့သည်။

နေ့လယ် ၁၂ နာရီခွဲတွင် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် အနည်းငယ်ပြန်ကျသွားသော်လည်း စိုးရိမ်ရေအမှတ် အထက်တွင် ရှိနေဆဲဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်အတွင်းက အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာတို့တွင် ရေကြီးရေလျှံနေသည်။

မွန်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး နောက်နှစ်ရက်အထိ မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြစ်ရေကြီးမှုအပြင် တောင်ပြိုခြင်းလည်း ဖြစ်ပေါ်လာသည့်အတွက် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသ ကျွမ်းကျင်သူတို့က သတိပေးထားသည်။