မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် လေးပေကျော် ရောက်ရှိနေပြီး ရပ်ကွက်အချို့တွင် ရေကြီးရေလျှံနေကြောင်း မြို့ခံများက ပြောသည်။
မိုးသည်းထန်မှုကြောင့် ဇူလိုင်လ ၂၁ ရက်စ၍ ရေတက်နေခြင်းပြီး ၂၄ ရက်တွင် တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၇ ပေကို ကျော်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
စိုးရိမ်ရေအမှတ်ကျော်လွန်ချိန်တွင် တနင်္သာရီမြို့အတွင်း လမ်းမများနှင့် နေအိမ်အချို့ကို ရေစတင်ဝင်ရောက်ကြောင်း မြို့ခံတို့က ပြောဆိုသည်။
လက်ရှိတွင် မြစ်ရေသည် ၂၁ ပေ ကျော်သို့ ရောက်ရှိနေပြီး ရေဆက်တက်နေသဖြင့် အန္တရာယ်ရေအမှတ် ၂၄ ပေသို့ ရောက်ရှိရန် နှစ်ပေ စွန်းစွန်းသာ လိုတော့ကြောင်း တနင်္သာရီမြို့ခံတို့က ပြောသည်။
မြစ်ရေတက်မှုကြောင့် မြို့တွင်းရပ်ကွက်အချို့တွင် ခြေသလုံးကျော်ကျော် ရေတက်နေပြီး ရွှေလိပ်ပြာနှင့် မွန်စုစသည့် မြစ်နှင့်နီးသည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုပိုများကြောင်း ယင်းရပ်ကွက်များတွင်နေထိုင်သူများထံမှ သိရသည်။










“ရွှေလိပ်ပြာနဲ့ မွန်စုက လူတွေတော့ အခြားရေဝင်နည်းတဲ့ ရပ်ကွက်ကအိမ်တွေကို ရွှေ့သွားတယ်။ မြို့ထဲကအိမ်တွေလည်း အိမ်အပေါ်ထပ်ကို ရွှေ့တာမျိုးလုပ်ကြတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း ပုံစံလိုမျိုးတော့ မလုပ်ထားသေးဘူး” ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။
တနင်္သာရီမြစ်နှင့် နီးစပ်သည့် ကျေးရွာများတွင်လည်း ရေဝင်ပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ သိရသည်။
နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရွာသွန်းသည့် မိုးရေချိန်ကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေ အမှတ်ရေကျော်လွန်လေ့ရှိကြောင်း မြို့ခံများက ဆိုသည်။
ဇူလိုင်လနောက်ဆုံးအပတ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီတိုင်းအတွင်းနေရာအများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။