[အခန်း ၁၁]
ထိုနေ့မှ စတင်ပြီး နှစ်ပတ်ကျော်သည်အထိ မောင်ရိန် ပေါ်မလာပါ။
“သူ့တာဝန်က အနီးအနားရွာတွေက ပါတီထောက်ခံတဲ့ ရွာသူရွာသားတွေနဲ့ချိတ်ဆက်ပြီး သတင်းတွေ ထောက်လှမ်းဖို့လေ . . . ယူဂျီပေါ့ . . . ဒါကြောင့် သူက စခန်းမှာ ကြာကြာမနေတာ”
ကြည်ကြည် မေးသည့်အခါ မဟိုက ထိုနှယ့်ရှင်းပြသည်။
မိုးကြည်ကမူ လူမတွေ့ရသော်လည်း အခြောက်အခြမ်းလေးများ၊ ငါးပိကောင်လေးများကို အခြားလူများနှင့် ကြည်ကြည့်ထံ ပို့ပေးတတ်သည်။
၁၉၅၈ စက်တင်ဘာ ၃၀ ရက်နေ့။
မုတ်သုံမိုးက သစ်တောအုပ်အတွင်း သဲသဲမဲမဲရွာနေ၏။
ဝါးခမောက်ဆောင်းထားသော လူနှစ်ယောက် စောဖျားစခန်းကုန်းပေါ်သို့ ခပ်သုတ်သုတ် လမ်းလျှောက်လာသည်။
“ရဲဘော်မောင်ရိန် . . . ဘာများ ထူးလို့လဲ”
ဆေးပေါ့လိပ်ကိုယ်စီဖွာရင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ (၅၅)လမ်းစဉ်အရေး ဆွေးနွေးနေကြသည့် ဗိုလ်မှူးကျော်တင့်နှင့် သခင်ဗစီ တို့က မေးလိုက်၏။
“သခင်နု အစိုးရအဖွဲ့ နုတ်ထွက်သွားပြီ . . . တိုင်းပြည်အာဏာကို . . . စစ်တပ်လက်ထဲအပ်လိုက်ပြီ”
ဗိုလ်မှူးကျော်တင့်က သခင်ဗစီကို ကြည့်လိုက်သည်။
“ဗိုလ်နေဝင်း လက်ထဲကို အပ်လိုက်တာလား . . . သွားပြီထင်တယ်”
သခင်ဗစီက လက်ထဲမှ ဆေးပေါ့လိပ်ကို မြေကြီးပေါ်ချကာ နင်းချေလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်၏။
……………………………………………..
၁၉၅၈ ဧပြီလတွင် အာဏာရ ဖဆပလ အစိုးရအဖွဲ့ နှစ်ခြမ်းကွဲခဲ့သည်။
ဖဆပလ၏ခေါင်းဆောင်များဖြစ်သော သခင်နုနှင့်ဦးကျော်ငြိမ်း ကြားမှ ပဋိပက္ခမှအစတည်ကာ သန့်ရှင်း နှင့် တည်မြဲ ဟူသော ဖဆပလနှစ်ပါတီဖြစ်လာ၏။
ပါတီတွင်းအာဏာလုပွဲမှသည် နိုင်ငံရေးအာဏာလုပွဲအသွင်ကူးပြောင်းသွားသည်။
သခင်နုဦးဆောင်သည့် သန့်ရှင်းဖဆပလကို အတိုက်အခံ ပမညတ နှင့် ရှမ်းစော်ဘွားများက ထောက်ခံကြ၏။
ဦးကျော်ငြိမ်း၊ ဦးဘဆွေ ဦးဆောင်သည့် တည်မြဲဖဆပလကိုမူ စစ်တပ်ခေါင်းဆောင်များက ထောက်ခံကြသည်။
နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံရေးအားပြိုင်မှုများ ပြင်းထန်လာလေလေ စစ်တပ်ကို အာဏာသိမ်းလမ်းကြောင်းပေါ်သို့ တင်ပေးလေလေ ဖြစ်လာ၏။
ပါလီမန်အတွင်း ဦးနုအုပ်စု ကို အယုံအကြည်မရှိ အဆိုတင်သွင်းရာမှ ရှုံးနိမ့်သွားသည့် ဦးကျော်ငြိမ်း ဖဆပလ အုပ်စုသည်လည်း စစ်တပ်ကို အာဏာသိမ်းရန် တိုက်တွန်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လာနေသည်။
၁၉၅၈ စက်တင်ဘာ ၂၆ ရက် နံနက်တွင် စစ်တပ်မှ ဗိုလ်မှူးကြီး အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့သည် ဦးနု၏ နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့ကြသည်။
ညနေပိုင်းတွင် အာဏာရသန့်ရှင်းဖဆပလ အလုပ်အမှုဆောင်အစည်းအဝေး၊ လက်ရှိအစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတို့ကို ဆက်တိုက်ကျင်းပခဲ့သည်။
အစည်းအဝေးဆုံးဖြတ်ချက်များအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်သွင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ဝန်ကြီးချုပ်ဦးနု က ဗိုလ်ချုပ်နေဝင်းကို ယာယီအိမ်စောင့်အစိုးရဖွဲ့စည်းပြီး တိုင်းပြည်အား ထိန်းသိမ်းရန် စာဖြင့် အကြောင်းကြားလာခဲ့၏။
ထိုစာတွင် ၁၉၅၉ ဧပြီလ နောက်ဆုံးထားတာ ခြောက်လအတွင်း ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရန် ပါဝင်သည်။
ပြည်တွင်းသတင်းစာများတွင် ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲပေးသည်ဟု ရေးသားကြသော်လည်း ပြည်ပသတင်းစာအများစု၏ အယူအဆမှာမူ . . . စစ်တပ်မှ အနုနည်းဖြင့် ဖိအားပေး အာဏာသိမ်းခြင်းဟုသာ ယူဆကြ၏။
မည်သို့ပင်ဖြစ်စေ..လွတ်လပ်ပြီးစ မြန်မာပြည်သည် ပြည်သူရွေးကောက်သော နိုင်ငံရေးသမားများ မဟုတ်သည့် စစ်တပ်အုပ်ချုပ်မှုအောက်သို့ စတင်ရောက်ရှိခဲ့ပေပြီ။
……………………………………………..
စော်ဖျားရွာဘက်ဆီမှ လှည်းများ စခန်းဝင်းအတွင်း ဝင်လာကြသည်။
မိုးကလည်း သဲသဲမဲမဲရွာသွန်းနေဆဲ။
ကြည်ကြည်သည် ယာယီအချုပ်ခန်းအတွင်းမှ ကွပ်ပျစ်ပေါ်တွင် ထိုင်ရင်း အစောင့်အမျိုးသမီးများ ပေးထားသည့် ပြည်သူ့အာဏာစာစဉ်ကို ဖတ်နေ၏။
ခေါင်းမိုးက မလုံခြုံသောကြောင့် ယာယီအချုပ်အတွင်း ဟိုမှ သည် မိုးရေများကလည်း ရွှဲနစ်လျက်။
မောင်ရိန်က အချုပ်ခန်းရှေ့တွင် ရပ်ရင်း ခမောက်ကို ချွတ်လိုက်သည်။
“မကြည်ကြည်”
ကြည်ကြည်က မော့ကြည့်လိုက်၏။
“ဪ . . . ပြောပါ . . . မောင်ရိန်”
“ကျွန်တော်တို့ အခုပဲ ခရီးထွက်ကြရပါ့မယ်”
“ကျွန်မတို့”
“ဒီတစ်စခန်းလုံးပါ . . . ဒီနားတစ်ဝိုက်က စစ်တပ်တွေအားလုံး ထားဝယ်မြို့ပေါ်ကို အရေးပေါ်စုဝေးနေကြလို့ . . . သူတို့မရှိတုန်း မော် ၂ စခန်းရှိတဲ့ လောင်းလုံးဘက်အထိ ရွှေ့ကြမှာပါ . . . ခင်ဗျားကိုလည်း အဲ့ဒီအထိခေါ်သွားရမှာပါ”
ထိုအချိန်တွင် လူငယ်ရဲဘော်အချို့က အချုပ်ခန်းတံခါးသော့ကို ဖွင့်နေကြ၏။
“ကဲ . . . အချိန်မရှိဘူး . . . မကြည်ကြည် . . . ဟိုမှာ အမျိုးသမီးတွေ ခင်ဗျားကို စောင့်နေကြတယ်”
မောင်ရိန်က တံခါးကို ဖွင့်ပေးလိုက်သည်။
“ခင်ဗျားအတွက် ကျွန်တော့်မှာ သတင်းတစ်ခုလည်းရှိနေပါတယ်”
မောင်ရိန်က သူ့ခေါင်းပေါ်တွင် ဆောင်းထားသော ခမောက်ကို ကြည်ကြည် အား ဆောင်းပေးရင်း ပြောလိုက်၏။
“ဘာများထူးလို့လဲ”
“ခင်ဗျားတို့စစ်တပ်ကို သခင်နုက အာဏာလွှဲပေးလိုက်ပြီ”
“ဟင်”
“စစ်တပ်က အာဏာကို အနုနည်းနဲ့ သိမ်းလိုက်ပြီပေါ့ဗျာ . . . ဒါပါပဲ . . . အင်း.ကျွန်တော်တို့အတွက်တော့ သိပ်မထူးပါဘူး . . . နေဝင်းလည်း ဖက်ဆစ်ပဲမဟုတ်လား”
ပေါင်းမိုးပါဝင်သော လှည်းတစ်စီးပေါ်တွင် ထားဝယ်အမျိုးသမီးသမဂ္ဂခေါင်းဆောင်များ၊ အမျိုးသမီးရဲမေများ ရှိနေကြသည်။
“ဒီလှည်းကနေ ခင်ဗျားလိုက်ရမှာ.မကြည်ကြည်”
လှည်းပေါ်မှ အမျိုးသမီးများက ကြည်ကြည့်အား ဆွဲတင်ကြသည်။
“ကျွန်တော်တို့ မော် ၂ စခန်းမှာ ပြန်ဆုံကြတာပေါ့ . . . မကြည်ကြည်”
“ရှင်ကရော . . . မလိုက်ဘူးလား . . . မောင်ရိန်”
“ကျွန်တော်က ဒီစခန်းမှာ နောက်ချန်တပ်နဲ့အတူ ကျန်ရစ်ပြီး ဖျက်ဆီးသင့်တာတွေကို ဖျက်ဆီးပစ်ရဦးမယ်”
မောင်ရိန်က ကြည်ကြည့်ကို တစ်ချက်ပြုံးပြကာ မိုးရေထဲ ပြန်ထွက်ခွာသွား၏။
……………………………………………..
လှည်းပေါ်ရောက်သည့်အခါမှ လှည်းမောင်းသူဘေးတွင် ထိုင်နေသော မိုးကြည်ကို ကြည်ကြည် သတိထားမိလိုက်၏။
“သမီး . . . မိုးကြည်”
မိုးကြည်က ကြည်ကြည်ကို မသိကျိုးကျွံသာပြုနေခဲ့သည်။
လှည်းပေါ်ပါလာသူ သမဂ္ဂအမျိုးသမီးများက ကြည်ကြည့်ကို အားတုံ့အားနာဟန်ဖြင့် ဝိုင်းကြည့်နေကြ၏။
……………………………………………..
မိုးစုန်းစုန်းချုပ်ပြီ။
နေ့လယ်ဘက်က သဲကြီးမဲကြီးရွာခဲ့သည့် မိုးမှာ သူမဟုတ်သကဲ့သို့။
ကောင်းကင်တွင် လပင် သာနေသေး၏။
လှည်းတန်းကြီး ရပ်တန့်သွားသည်။ မရပ်တန့်လို့လည်းမရ။
လရောင်အောက်တည့်တည့်တွင် တသွင်သွင်စီးဆင်းနေသော ထားဝယ်မြစ်က သူတို့ရှေ့တွင်။
ရေဖြူမြို့နယ် မြောက်ဘက်မှ မြစ်ဖျားခံ၍ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းဒေသတို့ကို ကျော်ဖြတ်ကာ တောင်ဘက်ပင်လယ်ထဲသို့ စီးဆင်းသွားသည့် မြစ်ကြီး။
ရှေ့လှည်းတွင် ပါလာသော ဗိုလ်မှူးကျော်တင့်က ရိုင်ဖယ်သေနတ်ကို လွယ်လျက် အမျိုးသမီးများ၏ လှည်းရှိရာသို့ လျှောက်လာသည်။
“မြစ်ဆိပ်မှာ ကူးတို့လှေသုံးစီးရှိပါတယ် . . . ဆရာမတို့က တစ်စီးနဲ့ အရင်ဆုံး ကူးကြပါ . . . ကျွန်တော်တို့က နောက်ချန်အဖွဲ့ကို စောင့်ပြီး နောက်တစ်ခေါက်မှ ကူးလာခဲ့ပါ့မယ်”
အမျိုးသမီးများအားလုံး လှည်းပေါ်မှ ဆင်းလိုက်ကြသည်။
အားလုံးကိုယ်စီတွင် ဝန်စီစလွယ်များနှင့်။ ကြည်ကြည်တစ်ယောက်တွင်သာ ဘာမှသယ်စရာမပါ။
“မိုးကြည် . . . ဒေါ်လေးကို ပေးပါ . . . ဒေါ်လေးသယ်ပေးမယ်”
လက်နှိပ်စက်တစ်လုံးကို ပုဆိုးစဖြင့်သိုင်းလျက် ကျောတွင် လွယ်လာသော မိုးကြည်ကို ကြည်ကြည်က ပြောလိုက်၏။
“ကျွန်မ အဆင်ပြေပါတယ် . . . သယ်ချင်ရင် . . . ဟိုလှည်းပေါ်မှာ အထုပ်တွေရှိသေးတယ်”
ကြည်ကြည်က ထိုလှည်းဆီသို့ သွားရန်ပြင်လိုက်သည်။
“ခင်ဗျားက လှေပေါ်ကို အရင်တက်ပါ . . . ဘယ်ကိုမှ သွားလို့မရဘူးလို့ ဗိုလ်မှူးက မှာထားပါတယ်”
အနီးအနားတွင်ရှိသော ရဲဘော်တစ်ယောက်က ကြည်ကြည်၏ ကျောကို ရိုင်ဖယ်သေနတ်ဖြင့် ထောက်ထားလိုက်သည်။
ကြည်ကြည်လည်း ကူးတို့လှေပေါ်သို့သာ အရင်ဆုံးတက်ထိုင်လိုက်၏။
ရဲဘော်ကလည်း ရိုင်ဖယ်သေနတ်နှင့်အတူ ကြည်ကြည့် ဘေးတွင် ဝင်ထိုင်သည်။
ထို့နောက်ကမှ ထားဝယ်အမျိုးသမီးသမဂ္ဂမှ အမျိုးသမီးများတက်ကြ၏။ မသွန်းစီနှင့် မဟိုက စတင်းဂန်းကိုယ်စီ လွယ်ထားကြသည်ကိုလည်း တွေ့ရသည်။
ဗိုလ်မှူးကျော်ထွန်း၏ ဇနီး သမဂ္ဂခေါင်းဆောင်ဒေါ်တင်စိန်က ကလေးငယ်များကို လှေပေါ်သို့ ဂရုတစိုက်တင်ပေးနေ၏။
လှေအရှေ့ဦးတွင် ထိုင်နေသော မိုးကြည်ကတော့ လရောင်အောက်မှ တစ်ဖက်ကမ်းကို ငေးနေသည်။
တစ်ဖက်ကမ်းသို့ ကူးပြီ။
ကမ်းနဖူးတွင် လှေဦးထိသည်နှင့် ရိုင်ဖယ်သေနတ်ကိုင်ရဲဘော်က ခုန်ဆင်းလိုက်သည်။
“ပလောက် . . . ပလောက် . . . ပလောက်”
သေနတ်ပစ်ခတ်သံများ ဆူညံသွားပြီး ရိုင်ဖယ်သေနတ်ကိုင်ရဲဘော်မှာ မြေကြီးပေါ် လွင့်ထွက်သွား၏။
လှေပေါ်မှ အမျိုးသမီးများနှင့် ကလေးများ၏ ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။
သေနတ်သမားများက လှေကိုသာ ဝိုင်းပစ်နေကြ၏။
ကလေးအချို့ ၊ အမျိုးသမီးအချို့ ထိမှန်ကုန်ကြသည်။
“အားလုံး . . . လှေအောက်ဆင်းဝပ် . . . ဟို.ကျောက်ကမူတွေဆီ ဝပ်ပြီးသွားကြ”
ဒေါ်တင်စိန်က ခေါင်းဆောင်ပီသစွာဖြင့် အခြေအနေကို စီမံခန့်ခွဲနေသည်။
မသွန်းစီနှင့် မဟိုက စတင်းဂန်းများဖြင့် ပြန်လည်ပစ်ခတ်ပြီး ကာပေးထား၏။
ကြည်ကြည်က လှေပေါ်တွင် ဝပ်ချထားရာမှ အခြေအနေကို ကြည့်လိုက်သည်။
သူ့နံဘေးလှေပေါ်တွင် တစ်စစီဖွာလန်ကြဲသွားပြီဖြစ်သည့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး၏ အလောင်း။
လှေဦးဘက် မိုးကြည်ရှိရာသို့ ကြည့်လိုက်၏။
မိုးကြည်မရှိတော့။ အသံသဲ့သဲ့ကြားရာသို့ ကြည်ကြည် လှမ်းကြည့်လိုက်သည်။
ခြေထောက်တစ်ဖက်မသန်သည့် မိုးကြည်မှာ သဲပြင်ပေါ်တွင် ဝပ်ရင် တွားသွားနေ၏။
ကျည်ဆန်များက ပလူပျံဆဲမို့ မည်သူမျှ မလှုပ်သာ မလွန့်သာ။ မသွန်းစီတို့၏ စတင်းဂန်းသည်လည်း အနီးကပ်တိုက်ပွဲများတွင်သာ အသုံးဝင်ပြီး ခပ်ဝေးဝေးမပြေးလှ။
ကြည်ကြည်က လှေပေါ်မှ ခုန်ဆင်းပြီး မြေပြင်ပေါ်လဲကျနေသည့် ရိုင်ဖယ်ကိုင်ရဲဘော်ရှိရာသို့ ခါးညွှတ်ဒူးကွေးကာ ပြေးသွားလိုက်၏။
ထို့နောက် ရိုင်ဖယ်သေနတ်ကို ကောက်ကိုင်လိုက်သည်။
“မိုးကြည် . . . မလှုပ်နဲ့ . . . အဲ့ဒီနားပဲ ဝပ်နေ”
မြေပြင်တွင် ဝမ်းလျားမှောက်လိုက်ပြီး ကျည်ဆန်များ လာရာကို ခန့်မှန်းလိုက်၏။
တဖက်မှ သေနတ်သံလာရာ နှင့် မီးပွင့်ရာကို တွက်ချက်လိုက်သည်။
“ဒိုင်း”
သေနတ်များက မြေပြင်တွင် လှုပ်ရှားနေသော မိုးကြည်တို့ဘက်သို့ ပစ်ခတ်နေရာမှာ ကြည်ကြည့် ဘက်သို့ လှည့်သွားသည်။
ကြည်ကြည်က အမေရိကန်သင်တန်းတွင် လေ့ကျင့်ခဲ့သည့်အတိုင်း အမှောင်ထုကို အကာအကွယ်ယူကာ နေရာရွှေ့ရင်း ပစ်သည်။
“ဒိုင်း”
တစ်ဖက်မှ ညည်းသံသဲ့သဲ့ကြားရသည်။ ထိသွားပြီထင်။
အမျိုးသမီးရဲမေအချို့ကလည်း စတင်းဂန်းများနှင့် ရသလောက်ပစ်ကြ၏။
တစ်ဖက်က သိသိသာသာပစ်အားနည်းသွားသည်။
“မိုးကြည် သမီး . . . ထ”
ကြည်ကြည်က မိုးကြည်ကို သူမ၏ လက်တစ်ဖက်ဖြင့် သိမ်းဖက်ရင်း တစ်ဖက်မှ ရိုင်ဖယ်ကို ကိုင်ကာ ကျည်ကွယ်ရာသို့ ဆွဲခေါ်သွား၏။
ထိုအချိန်တွင် တစ်ဖက်ကမ်းမှ နောက်ထပ် လှေတစ်စီးရောက်လာသည်။ လှေပေါ်တွင် သခင်ဗစီနှင့်အတူ သေနတ်ကိုင်ရဲဘော်များပါဝင်လာသဖြင့် တိုက်ပွဲက အသာစီးပြန်ရသွားသည်။
ဆယ်မိနစ်ခန့်အကြာ သေနတ်သံများ စဲသွား၏။
“စစ်တပ်က ချန်ထားရစ်တဲ့ ပြည်သူ့စစ်ကင်းပုန်းအဖွဲ့ သုံးလေးယောက်ပါ . . . အကုန် ကျသွားပြီ”
သခင်ဗစီ၏ အသံ။
ကြည်ကြည်က သူ့ရင်ခွင်အောက်တွင် ပုန်းနေသော မိုးကြည်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
“သမီး . . . မိုးကြည် . . . ထတော့ . . . ဘာမှမဖြစ်တော့ဘူးနော်”
ထို့နောက် ကြည်ကြည်က ရိုင်ဖယ်သေနတ်ကိုကိုင်တာ မတ်တတ်ရပ်လိုက်၏။
လရောင်အောက်တွင် ရိုင်ဖယ်သေနတ်ကို ကိုင်ကာမတ်တပ်ရပ်နေသည့် ထိုအမျိုးသမီးကို ရဲဘော်များက သေနတ်နှင့် ဝိုင်းချိန်လိုက်ကြသည်။
ထိုအချိန်တွင် ဒေါ်တင်စိန်က ကြည်ကြည်၏ ရှေ့တွင် လာရပ်လိုက်၏။
“သူက . . . ကျွန်မတို့ကို ကာကွယ်ပေးခဲ့တာပါ”
ခက်ဇော်