မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။
ပုလော အမှတ် (၂၈၅) တပ်ရင်းက ပုလောကုန်းကျေးရွာသို့ ဇူလိုင် ၂၃ ရက်နေ့က လာသည့် စစ်ကောင်စီတပ်ကား သုံးစီးကို တစ်မိုင်တောင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးမှာ မြောင်းထဲ ထိုးကျသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနောက် ည ၆ နာရီတွင် ပုလောကုန်းရွာရှိ စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးစခန်းအား လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သေးကြောင်းလည်း ရေးသားထားသည်။

ယင်းသို့ ထပ်မံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးကို မသိရသေးသော်လည်း ပူရိယက္ခညီနောင် စစ်ကြောင်းဘက်ကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
ပူရိယက္ခညီနောင်စစ်ကြောင်းက စစ်ကောင်စီတပ်အား အလျင်းသင့်သလို တိုက်ခိုက်သွားမည် ဖြစ်သည့်အတွက် ပြည်သူများ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေကြရန်နှင့် ဂိတ်များအနီးသို့ သွားလာခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း အဆိုပါစစ်ကြောင်း ထုတ်ပြန်ထားသည်။