မြိတ်မြို့ ၊ ကန်ဖျားရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက သစ်ပင်ကျိုးကျမှု နှစ်ကြိမ်ဖြစ်ပွားပြီး နေအိမ်တစ်လုံးပြိုကျပျက်စီးသွားကြောင်း မြိတ်ခရိုင်မီးသတ်ဦးဌာနထံမှ သိရသည်။
ကန်ဖျားရပ်၊ ဗိုလ်ဗထူးလမ်းသွယ် (၁) တွင် ယနေ့ နံနက် ၈နာရီဝန်းကျင်က နှစ် ၃ဝသက်တမ်းရှိ ကနဇိုးပင် ပင်စည်ကျိုးကျကာ ပျဉ်ထောင် နေအိမ်တစ်လုံးပြိုကျပျက်စီးကြောင်း အဆိုပါဌာနထံမှ သိရသည်။
နံနက် ၁၁ နာရီခွဲတွင်လည်း ကန်ဖျားရပ်၊ ကညနရုံးအနီးတွင် နှစ် ၂ဝ သက်တမ်းရှိ သစ်မွှေးပင် ပင်စည်ကျိုးကျကာ မိုးဇလရုံး အုတ်တံတိုင်းပေါ် ကျရောက်နေသဖြင့် သွားရောက်ရှင်းလင်းကြောင်း မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသစ်ပင်ကျိုးကျမှု နှစ်ကြိမ်စလုံးတွင် လူထိခိုက်မှု မရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးမှူးက ပြောသည်။
ယခုအပတ်အတွင်း မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် သစ်ပင်ကျိုးကျမှု ခြောက်ကြိမ်နှင့် မြေပြိုမှု တစ်ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဇွန်လ ၂၆ ရက် မွန်းလွဲ ၂ နာရီအထိ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်များအရ တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး မှတ်သားဖွယ်မိုးရေချိန်များအဖြစ် ထားဝယ်မြို့တွင် ၄ ဒသမ ၄၈ လက်မ ၊ ကော့သောင်းမြို့တွင် ၂ ဒသမ ၆၈ လက်မ နှင့် မြိတ်မြို့တွင် ၂ ဒသမ ၄၄ လက်မစီ အသီးသီး ရှိခဲ့ကြောင်း ဆိုသည်။