BREAKING
September 19, 2024

ရေးမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ရေးဘီလူးအဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်

June 26, 2024

ပုံစာ - အလင်းဝင်လာသည့် ဒုတပ်ကြပ်နှင့်ရေးဘီလူးအဖွဲ့ခေါင်းဆောင်။

ရေးမြို့နယ် ၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ ယနေ့ (ဇွန် ၂၆)​တွင် ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် ရဲသည် ကိုယ်ပိုင်နံပါတ် ၂၈၃၂၆၉ ကိုင်ဆောင်သူ ဒုတပ်ကြပ် ရဲထက်ပိုင် ဖြစ်ပြီး ၎င်းနှင့်အတူ AK 47 သေနတ်တစ်လက်၊ ၇ ဒသမ ၆၂ ကျည်ဘောက်နှစ်ခု တို့ယူဆောင်လာခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံကသိရသည်။

ယင်း ဒုတပ်ကြပ်မှာ လက်နက်နှင့်အတူ အလင်းဝင်သဖြင့် အဖွဲ့၏မူအရ ကျပ်သိန်း၃၀ ချီးမြှင့်ပေးအပ်ခဲ့သည်ဟု ရေးဘီလူး‌အဖွဲ့ခေါင်းဆောင်ကဆိုသည်။

“သူ့ကို ဘယ်လိုထားရှိမလဲဆိုတော့ ရွေးချယ်မှု သုံးခုရှိတယ် ။ နိုင်ငံခြားသွားလို့ရမယ် ။ ခိုလှုံအဖြစ် နေလို့ရမယ် ။ တော်လှန်ရေးထဲမှာ တစ်ပိုင်တစ်နိုင် ဆောင်ရွက်လို့ရမယ် ။ ဒီအချက်သုံးချက်ထဲက သူရွေးချယ်တဲ့အတိုင်း စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ယခင်က ရေးဘီလူးအဖွဲ့ထံဆက်သွယ်ကာ CDM ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အချို့ရှိသော်လည်း လက်နက်နှင့်တကွ အလင်းဝင်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ဒုတပ်ကြပ်အား ၎င်း၏ဆက်သွယ်လာမှုကြောင့် စိစစ်မှုသေချာစွာပြုလုပ်ပြီးနောက် ရေးမြို့အတွင်းမှ လွတ်မြောက်နယ်မြေရောက်သည်အထိ ရေးဘီလူးအဖွဲ့က တာဝန်ယူခေါ်ဆောင်ပေးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံကသိရသည်။

အမှတ် ၈ ပြည်ထောင်စု လမ်းမပတ်ဝန်းကျင်တွင် နယ်မြေစိုးမိုးမှုပြုလုပ်ကာ ကာကင်းချထားပြီး စစ်ကောင်စီဘက်က ရှေ့တိုးလာခြင်းမရှိသဖြင့် ဇွန်လ ၂၆ ရက်အထိ ထိတွေ့မှုမရှိသေးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပြသည်။

ဇွန်လ ၁၃ ရက်ကလည်း ရေးမြို့အနီးအထိ လမ်းပိုင်းစစ်ဆေးရေးသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုံစာ – အလင်းဝင်လာသည့် ဒုတပ်ကြပ်နှင့်ရေးဘီလူးအဖွဲ့ခေါင်းဆောင်။