ကမ္ဘာကျော်ဟွန်ဒါမော်တာကုမ္ပဏီဟာ 50 cc အင်ဂျင်အမျိုးအစားနဲ့ ပိုသေးငယ်တဲ့ အင်ဂျင်အမျိုးအစား မီနီမော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို ၂၀၂၅ နိုဝင်ဘာလမတိုင်ခင် အပြီးတိုင် ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရေးစည်းမျဉ်းအသစ်တွေကို လိုက်နာရမှာ ဖြစ်တဲ့အတွက် အခုလို ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ကမ္ဘာပေါ်မှာ 50 cc အင်ဂျင်အမျိုးအစားနဲ့ ပိုသေးငယ်တဲ့ အင်ဂျင်အမျိုးအစားတပ်ဆင်ထားတဲ့ မီနီမော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးဈေးကွက်မှာ ဟွန်ဒါမော်တာကုမ္ပဏီက ဈေးကွက်ဝေစုအများဆုံး ရထားပါတယ်။ Super Cub တံဆိပ်မော်တော်ဆိုင်ကယ်တွေကို ဟွန်ဒါကုမ္ပဏီက ၁၉၅၈ ခုနှစ်မှာ ပထမဆုံး စတင်ရောင်းချခဲ့ပါတယ်။ ဈေးကွက်ထဲ စတင်မိတ်ဆက်ချိန်ကနေ လက်ရှိအချိန်အထိ အစီးရေ သန်း (၁၀၀) ကျော်ကို ထုတ်လုပ်ရောင်းချထားခဲ့ပြီး ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ဆိုင်ကယ်အမျိုးအစား ဖြစ်လာခဲ့ပါတယ်။
ဆီစားသက်သာတဲ့ Super Cub မော်တော်ဆိုင်ကယ်တွေကို လူတွေက ကြိုက်နှစ်သက်ချီးကျူးကြပါတယ်။ ဒီဆိုင်ကယ်အမျိုးအစားကို ဂျပန်နိုင်ငံရဲ့ စာတိုက်လုပ်ငန်းနဲ့ သတင်းစာပို့လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးများပါတယ်။ မကြာသေးခင်နှစ်တွေအတွင်းမှာတော့ လျှပ်စစ်စက်ဘီးတွေနဲ့ လျှပ်စစ်စကူတာဆိုင်ကယ်အသေးစားလေးတွေက ပိုအသုံးတွင်ကျယ်လာနေခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ 50 cc အင်ဂျင်အမျိုးအစားနဲ့ ဒီထက်ပိုငယ်တဲ့ အင်ဂျင်အမျိုးအစား မော်တော်ဆိုင်ကယ်တွေရဲ့ လူကြိုက်များရေပန်းစားမှုက ကျဆင်းလာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အဆိုပါ ဆိုင်ကယ်အမျိုးအစား အစီးရေ ၁.၉၈ သန်းဝန်းကျင်ကို ထုတ်လုပ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ထုတ်လုပ်တဲ့ အစီးရေ ၉၀,၀၀၀ မျှသာ ကျန်ရှိတော့တယ်လို့ ဂျပန်နိုင်ငံမော်တော်ကားထုတ်လုပ်ရေးအသင်းကြီးရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းအသစ်တွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ပိုမိုတင်းကျပ်စွာ စတင်အသက်သွင်းတော့မှာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ဂျပန်နိုင်ငံမှာလည်း လေထုညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ပိုတင်းကျပ်တဲ့ စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီစည်းမျဉ်းအသစ်နဲ့ ကိုက်ညီမှုရှိအောင် ထုတ်လုပ်ရမယ်ဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်အပိုင်းမှာ တွက်ခြေမကိုက်တဲ့အတွက် ဟွန်ဒါမော်တာကုမ္ပဏီက မီနီမော်တော်ဆိုင်ကယ်ဆိုင်ကယ် ထုတ်လုပ်မှုရပ်ဆိုင်းဖို့ စီစဉ်နေရတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Ref : Kyodo News