BREAKING
November 25, 2024

ညှို့ငင်ခြံ - ဘဝဆိုတာ မခက်လှပါဘူး

June 26, 2024

တောင်ကုန်းလေးပေါ်မှာ။ တစ်ဖက်မှာ ချိုင့်ဝှမ်းရှိတယ်။ ချိုင့်ဝှမ်းရဲ့ဟိုဘက်မှာက တောင်တန်း။ စိုက်ပျိုးရေးခြံတစ်ခုထက် တောင်ကုန်းပေါ်က တောအုပ်ကလေးနဲ့ ပိုတူတယ်။ မြေဝါရောင် အဆောက်အုံတွေဟာ သစ်ပင်တွေကြားထဲမှာ ဟိုနားတစ်လုံး၊ ဒီနားတစ်လုံး။

ချင်းမိုင်မြို့ကနေ မြောက်စူးစူးဆီကို ၃၅ မိုင်ကျော် သွားရတဲ့ ဒီနေရာဟာ ဝင်လိုက်တယ်ဆိုရင် ဆိတ်ငြိမ်မှုနဲ့ လွတ်လပ်မှုကို ခံစားရတဲ့အပြင် ဘဝရဲ့ အဓိပ္ပာယ်ကိုလည်း တစ်စုံတစ်ရာ ခံစားမိစေပါတယ်။ အသစ်တွေနောက် အာသာငမ်းငမ်းလိုက်နေကြတဲ့ မျက်စိလည်စရာကမ္ဘာကြီးထဲက လူအများစုအတွက်တော့ လူအဖွဲ့အစည်းနဲ့ သီးခြားဖီလာဖြစ်နေတဲ့ ဒီလိုနေရာမှာ နေဖို့ဆိုတာက ပျင်းစရာဖြစ်နေမှာပါပဲ။

သူ၊ သူ့နာမည်က ဂျွန်ဂျန်ဒိုင်။ အသက် ၆၀ ဝန်းကျင်။ သူက ဘဝကို နောက်ပြန်လျှောက်နေသူ။ သူဖန်တီးထားတဲ့ သူ့ကမ္ဘာကိုလည်း ခေတ်ထဲကန ဆွဲထုတ်နေသူ။ သူ့အတွေးအခေါ်က ရှင်းတယ်။ တတ်နိုင်သမျှ သူများအပေါ်မှာ မမှီခိုလိုဘူး။ ဘဝဆိုတာ ခက်ခဲရှုပ်ထွေးနေဖို့ မလိုဘူး။ ပိုက်ဆံအပေါ် မှီခိုနေရမှုကို အများကြီးလျှော့ချထားတယ်။

ကိုယ်စားမယ့်အစာ ကိုယ်တိုင်စိုက်တယ်၊ ကိုယ်နေမယ့်အိမ် ကိုယ့်ဘာသာဆောက်တယ်။ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စတဲ့ တခြားအသုံးအဆောင်တွေကိုလည်း တတ်နိုင်သလောက် ကိုယ့်ဘာသာလုပ်တယ်။

ဝတ်စရာကို သူကိုယ်တိုင်မလုပ်နိုင်ပေမဲ့ သူများပေးတဲ့ အဟောင်းအမြင်းတွေကိုပဲ ဝတ်တယ်၊ ဒါမှမဟုတ် တစ်ခါဝယ်ထားရင် နှစ်တွေအကြာကြီးဝတ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း သူ့အတွေးက ရိုးရှင်းတယ်။ မကျန်းမာတာဟာ အနေအထိုင်၊ အစားသောက် တစ်ခုခု အမှားအယွင်းလုပ်မိလို့။ အဲဒီလိုမဖြစ်အောင် ဂရုစိုက်တယ်။

ကမ္ဘာကြီး အရှိန်မပြတ်လည်နေနိုင်ဖို့ စနစ်တွေ၊ စနစ်ကို ထိန်းကျောင်းမောင်းနှင်နေတဲ့သူတွေ ရှိနေဖို့ လိုနေဦးမှာပါပဲ။ ဒီအတွက် ကျောင်းတွေ၊ တက္ကသိုလ်တွေ မရှိလို့ မဖြစ်ဘူး။ ဒါပေမဲ့ တချို့လူတွေအတွက် တက္ကသိုလ်တွေသွားဖို့ မလိုအပ်ဘူး။ သူ့အတွက်လည်း မလိုခဲ့ဘူး။

သူဟာ ထိုင်းနိုင်ငံရဲ့ ဆင်းရဲတဲ့ ရွာကလေးမှာ မွေးခဲ့တယ်။ ဆင်းရဲမှုကနေလွတ်မြောက်ဖို့ ဘန်ကောက်ကို သွားပြီး အလုပ်လည်းလုပ်တယ်။ နှစ်တွေသာ ကြာလာတယ်၊ ပိုက်ဆံမစုမိဘူး။ အလုပ်လုပ်ရတော့ ပင်ပင်ပန်းပန်း၊ နာရီများစွာ။ စားရတော့လည်း မဝရေစာ။ နေရတော့လည်း အခန်းကျဉ်းလေး။

သူတစ်ယောက်တည်း ရပ်တည်ဖို့တောင် အနိုင်နိုင်။ သူ တက္ကသိုလ်လည်း တက်ခဲ့သေးတယ်။ ဒါပေမဲ့ မပျော်ဘူး။ ကျောင်းကသင်ပေးတဲ့ ပညာတွေဟာ အများအားဖြင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်စေတဲ့ ပညာတွေလို့ သူခံစားရတယ်။

သူ့အမြင်က လူသားတွေ အလုပ်များများလုပ်လေ တောင်တွေဖြိုခံရ၊ တောတွေ ဖျက်ခံနေရလေလေပဲတဲ့။ ဘွဲ့ရပြီးရင်လည်း အလုပ်တွေမနေမနားလုပ်ပြီး ပိုက်ဆံရှာကြရဦးမယ်။

ဒါပေမဲ့ တခြားဘွဲ့ရပညာတတ်တွေ၊ တချို့ဆို သူ့ထက်အများကြီး ကျောင်းပညာမှာတော်ကြသူတွေ၊ နှစ်ပေါင်းများစွာ မနေမနားအလုပ်ကြရပေမဲ့ အိမ်တစ်လုံးတောင် မဝယ်နိုင်တာကို သူသိတယ်။ ဒါနဲ့ပဲ ကျောင်းထွက်လိုက်တယ်။ သူ ရွာကို ပြန်သွားခဲ့တယ်။ ဘဝတစ်ခု ရှင်သန်နေထိုင်ဖို့၊ သေဆုံးဖို့ရာ ခက်ခက်ခဲခဲ၊ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်နေဖို့ မလိုဘူး။

ဒါဟာ အခုခြံကို ဖြစ်လာစေတဲ့ အစပါပဲ။ လွန်ခဲ့တဲ့ ၂၁ နှစ်ကပေါ့။

ခြံထဲကို ကျနော်တို့ လျှောက်သွားကြည့်ဖြစ်ကြတယ်။ စားလို့ရတဲ့အပင် တော်တော်များများရှိတယ်။ ရာသီသီးနှံတွေရော၊ နှစ်ရှည်ပင်တွေရော။ ချဉ်ပေါင်၊ ဒန့်သလွန်၊ ဥသျှစ်၊ ကြောင်လျှာ၊ ဝဥ၊ သင်္ဘောဇီးဖြူ၊ စောင်းလျှား၊ သစ်တို၊ ပဲမျိုးစုံ စတဲ့အပင်တွအပြင် အစိမ်းစားလို့ရတဲ့ အပင်တွေ၊ အရွက်တွေလည်း တွေ့ရတယ်။

ဈေးတွေမှာ တွေ့ရလေ့မရှိတော့တဲ့ သီးပင်စားပင်တွေကိုလည်း တွေ့ရတယ်။ ခြံထဲမှာ ကျနော်မသိတဲ့အပင်တွေလည်း အများကြီးပဲ။ ပြီးတော့ စပါးစိုက်တယ်။ အာလူးစိုက်တယ်။ မုန်လာဥလည်း စိုက်တယ်။
အကုန်လုံးကို ဓာတုပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ မသုံးဘူး။ နောက်ပြီး နွားမွေးတယ်။ ကြက်လည်း မွေးတယ်။

အပင်တွေကြားထဲမှာ မြေကြီးနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေကိုလည်း တွေ့ရတယ်။ အဆောက်အုံတွေထဲမှာ အစည်းအဝေးတွေ၊ သင်တန်းတွေလုပ်လို့ရတဲ့ အဆောက်အအုံလည်းပါတယ်။ ခြံမှာအလုပ်လုပ်တဲ့ မိသားစုတွေနေဖို့ အိမ်တွေလည်း ပါတယ်။ စားဖိုဆောင်လည်းပါတယ်။ ဧည့်သည်တွေ နားနေအပန်းဖြေဖို့ရာ အဆောင်လည်းပါတယ်။ မျိုးစေ့တွေ ထိန်းသိမ်းသိုလှောင်တဲ့ အဆောင်လေးလည်း ပါတယ်။

ခြံရှင်အဘိုးကြီးရဲ့စကားကို တစ်ယောက်ပြန်ပြောပြလို့သိရတာက ထိုင်းလူငယ်တွေဟာ စားလို့ရတဲ့ အသီးအရွက်တွေကို သိပ်မသိကြတော့ဘူး။ လေးငါးမျိုးလောက်ကိုပဲ ထည်လဲစားနေကြတော့တယ်။ ငါးဆိုလည်း အဲဒီလိုပဲ၊ စားတဲ့အမျိုးအစားတွေ နည်းလာကြပြီ။

တကယ်လို့ တချိန်မှာ အစားအစာရှားပါးမှုဖြစ်ပြီး လူတွေငတ်သေကြတဲ့အခါ ဘယ်လိုသေမလဲဆိုတော့ စားလို့ရတဲ့အပင်တွေကြားထဲမှာပဲ ငတ်သေကြမှာတဲ့။

ဒါကိုကြားတော့ ကျနော်လည်း တွေသွားတယ်။ သူ့ကိုလည်း စိတ်ဝင်စားသွားတယ်။ သူ့ဇာတ်လမ်းနဲ့ သူ့အတွေးတွေက လူအများအတွက် အံ့အားသင့်စရာပါပဲ။

ကျနော်တို့ဟာ ကိုယ့်စားဝတ်နေရေးကို ကိုယ့်ဘာသာ ဖြေရှင်း၊ ကိုယ့်ဘဝကိုကျောင်းနေကြတာ။ ဒါဟာ ကိုယ့်အားကိုယ်ကိုးတယ်လို့ အပေါ်ယံအမြင်နဲ့ မြင်နိုင်ပေမဲ့ တကယ်တော့ အဲဒီလိုဟုတ်မနေပါဘူး။ ကျနော်တို့ စားနေတဲ့ ထမင်း ဒါမှမဟုတ် အစာတွေဟာ ကျနော်တို့ကိုယ်တိုင်လုပ်ထားတာမဟုတ်ဘဲ ဝယ်ကြရပါတယ်။

နေတော့ သူများဆီကနေ မျက်နှာငယ်ငယ်နဲ့ ငှားထားရတဲ့ အခန်းကျဉ်းတွေ။ သောက်စရာရေကိုကျ သူများဖြန့်ဝေပေးတာကို ယူကြရပါတယ်။ ကျနော်တို့ လုပ်နိုင်တာ ပိုက်ဆံပဲ။ ကျနော်တို့သာ ပိုက်ဆံမရှာနိုင်ရင် နေဖို့ထိုင်ဖို့၊ အသက်ရှင်သန်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ။ အချိန်တွေသာ ကုန်သွားတယ်၊ လုပ်မယ်၊ ရှာမယ်၊ သွားမယ်၊ စားမယ်၊ ထပ်ရှာမယ်။ လည်ပြန်ကြည့်လိုက်တဲ့အခါ ထင်သာမြင်သာတဲ့ ပိုင်ဆိုင်မှုဆိုတာ မရှိ။

မြေကွက်ဝယ်ဖို့ ပိုက်ဆံစု၊ မြေပိုင်မှ စိုက်ပျိုးရေးလုပ်လို့ရမယ်၊ အိမ်ဆောက်လို့ရမယ်ဆိုတဲ့ အယူအဆကို သူကပယ်ပါတယ်။ တချို့သူဌေးတွေမှာ မြေတွေအများကြီး ပိုင်နေကြတယ်။ ဒါပေမဲ့ ဒီအတိုင်းပစ်ထားကြတာ။ ထိုင်းနိုင်ငံမှာ မြေတစ်ကွက်ဝယ်နိုင်ဖို့က မလွယ်ပေမဲ့ မြေငှားခတော့ ဈေးသက်သာတယ်။

ဒီစကားကို နားထောင်နေရင်း မြန်မာပြည်ကို ကျနော် လှမ်းမျှော်ကြည့်မိတယ်။ မြန်မာနဲ့ ထိုင်းနဲ့ကတော့ အခြေအနေတွေ ခြားခဲ့ပါပြီ။

သူများမြေမှာ ငှားပြီးလုပ်တာက တကယ်လို့ တစ်ချိန်မှာ ပိုင်ရှင်က ဆက်ပြီးမငှားတော့တဲ့အခါ ကိုယ်စိုက်ထားတဲ့ အပင်တွေ၊ ဆောက်ထားတဲ့အိမ်တွေကို ထားရခဲ့နိုင်တာကိုလည်း သူသိတယ်။

သူကတော့ ပြဿနာမရှိ။ လူဟာ သေရင်လည်း အကုန်ထားခဲ့ရသေးတာပဲတဲ့။ နောက်တစ်နေရာ ထပ်ငှားပြီး ထပ်စိုက်၊ ထပ်ဆောက်။ သူစိုက်ခဲ့တဲ့ အပင်တွေ၊ ဆောက်ခဲ့တဲ့ အိမ်တွေဟာ နောက်လူတွေအတွက် အကျိုးရှိနေမှာပဲ။ ဒါဟာလည်း ကျေနပ်စရာလို့ ဆိုတယ်။ သူဟာ ဘဝကို အဲဒီလိုမျိုး နေထိုင်မှုက လွတ်လပ်တယ်လို့ ဆိုပါတယ်။

ခြံထဲကို ကျနော်တို့ ဝင်လာတုန်းက ကောင်လေးတယောက် မြက်ရိပ်နေတာ။ ဗမာပဲ။ သူ့ရဲ့စကားပြောဟန်နဲ့ လေယူလေသိမ်းကို နားစွင့်ကြည့်တော့ အညာသားဖြစ်မယ်လို့ ထင်လိုက်တာ။ ကျနော် ထင်တာ မမှားဘူး။ ဘယ်ကလဲမေးကြည့်တော့ ရွှေဘိုကတဲ့။ ဒီမှာကျောင်းလာတက်ရင်း ခြံမှာနေပြီး လုပ်အားပေးနေတာ။

ခြံရှင်ကလည်း ကျောင်းစရိတ် တစုံတရာ ထောက်ပံ့တယ်။ အင်္ဂလိပ်တစ်ယောက်လည်း စားဖိုဆောင်ကို တံမြက်စည်းလှဲနေတာ။ သူလည်း ဒီခြံမှာ လာပြီး အလုပ်ဆင်းနေတာဖြစ်မှာပါပဲ။

နောက်နှစ်ရက်လောက်နေရင် ထိုင်ဝမ်ကအဖွဲ့တစ်ဖွဲ့ လာဖို့ရှိတယ်လို့ ဆိုတယ်။ နောက်ထပ် ဗမာကောင်မလေးတယောက်နှစ်ယောက်လည်း တွေ့ခဲ့ရတယ်။ ဒီလိုပဲ ခြံမှာ တပတ်တန်သည်၊ နှစ်ပတ်တန်သည် လာလာနေကြတဲ့ နိုင်ငံခြားသားတွေလည်း ရှိကြတယ်။

အလကားတော့ မနေရဘူး။ ပိုက်ဆံတချို့တော့ပေးရမယ်။ သူ့ခြံကို ဝိုင်းကူလုပ်။ စိုက်ပျိုးမွေးမြူရေး၊ မြေအိမ်ဆောက်နည်း စတာတွေနဲ့ပတ်သက်ပြီး သူတို့က ပြန်သင်ပေးမယ်။ နေစရာပေးမယ်၊ စားစရာကျွေးမယ်။ အခါအားလျော်စွာ သင်တန်းတွေလည်း ပေးတယ်လို့ဆိုတယ်။

ခြံထဲမှာ မိသားစုခုနစ်စုလောက်ရှိကြတယ်။ မြေအိမ်ကလေးတွေ သပ်သပ်စီ ဆောက်ပေးထားတာ။ အလုပ်လုပ်အတူတူလုပ်။ ထမင်းဟင်းကိုတော့ စားဖိုဆောင်မှာ စုပေါင်းချက်၊ တလှည့်စီပေါ့။ လုပ်အားလာပေးတဲ့သူလည်း ချက်။ ချက်တတ်တတ်၊ မချက်တတ်တတ်။

ကောင်းကောင်း၊ မကောင်းကောင်း အတူတူစား။ လာတဲ့ဧည့်သည်တွေကိုလည်း ဒါပဲကျွေး။

လာတဲ့ဧည့်သည်တွေ လိုအပ်ရင် ယူသွားနိုင်ဖို့ မျိုးစေ့ထုပ်ကလေးတွေ ထားပေးထားတယ်။ အခမဲ့ ယူသွားလို့လည်းရတယ်။ အလှူငွေထည့်ခဲ့လို့လည်း ရတယ်။ မျိုးစေ့နဲ့ပတ်သက်ပြီး သူပြောတာတစ်ခုက မျိုးစေ့ဟာ လူတွေရဲ့ ဘဝပဲတဲ့။ မျိုးစေ့ရှိမှ အပင်တွေ စိုက်လို့ရမှာမဟုတ်လား။

အော်ဂဲနစ်စိုက်ပျိုးရေးဟာ ကမ္ဘာ့စားသုံးမှုတစ်ခုလုံးအတွက် လုံလောက်အောင် ထောက်ပံ့ပေးနိုင်မှာမဟုတ်ပါဘူး။ လူတွေများစွာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ မြေဆီလွှာပြဿနာတွေကို ဘေးချိတ်ပြီး အထွက်တိုးဖို့ကို အဓိကထားပြီး စိုက်ပျိုးနေကြဦးမှာပါပဲ။ ရွှံ့နဲ့လုပ်တဲ့ ပုံစံမလှမပအိမ်မှာ နေဖို့ကိုလည်း အာရုံကျကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေဟာ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုပါပဲ။

သူဟာ ရိုးရှင်းစွာနေထိုင်ခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တချို့လည်း ရေးခဲ့တယ်။ သူ့ရဲ့ ဟောပြောချက်တွေကလည်း နိုင်ငံတကာပရိသတ်တွေအကြားမှာ လူတွေကြိုက်ကြပါတယ်။ သူဟာ ပိုက်ဆံကို မပစ်ပယ်ပါဘူး။ ဒါပေမဲ့ အသုံးချပစ္စည်းတစ်ခုလိုပဲ သဘောထားတယ်။ နည်းပညာတွေကိုလည်း အဲဒီလိုပဲ။

တကယ်လို့ ကမ္ဘာကြီးမှာ စီးပွားပျက်ကပ်တွေဖြစ်တဲ့အခါ၊ စစ်ပွဲတွေဖြစ်တဲ့အခါ ပိုက်ဆံတွေဆိုတာက သိပ်ပြီးအားကိုးလို့ မရနိုင်တော့ဘူး။ သူ့မှာကတော့ ပူစရာမရှိပါဘူးတဲ့။ သူ့ခြံထဲမှာ စားစရာအလုံအလောက် ရှိနေတယ်။ မတော်တဆ ဓားပြလာတိုက်ခဲ့ရင်တောင် သူ့ဆီကနေ အသီးအနှံတွေ ယူသွားနိုင်ကြပေမဲ့ အပင်တွေဆီမှာ ကျန်ရစ်ခဲ့လိမ့်ဦးမယ်။

သူ့ခံယူချက်က လူမှာ အဓိကလိုအပ်ချက်လေးခုရှိတယ်။ စားစရာ၊ ဝတ်စရာ၊ နေစရာနဲ့ ကျန်းမာရေး။ ဒါလောက်ပဲ။

လူ့အဖွဲ့အစည်းတွေအနေနဲ့ ဒါတွေကို ဈေးသက်သက်သာသာဖြစ်အောင် လုပ်ပေးနိုင်မှသာလျှင် အဆင့်မြင့်တဲ့၊ ယဉ်ကျေးတဲ့ ကောင်းကြီးလူ့ဘောင်လို့ ခေါ်လို့ရမယ်လို့ ဆိုတယ်။ သူကိုယ်တိုင်လည်း အသက်သာဆုံးနည်းနဲ့ နေတယ်။

သာမန်လူတွေအတွက် နားလည်ဖို့ သိပ်ကိုခက်စေနိုင်မယ့်ကိစ္စတစ်ခုကတော့ သူ့ကလေးကို ကျောင်းမထားတာပါပဲ။ ဘဝအတွက် လိုအပ်တဲ့ ပညာတွေကို သူကိုယ်တိုင်ပဲ သင်ပေးတယ်။ ဥပမာ မုန့်ကို ဘယ်လိုဖုတ်ရတယ်ဆိုတာမျိုးပေါ့။

သူများတကာတွေ ကလေးကျောင်းထားဖို့အတွက် ရုန်းကန်နေရချိန်မှာ သူကတော့ အေးဆေးပဲ။ ကလေးနဲ့လည်း တစ်နေကုန် ထိတွေ့နေလို့ရတယ်။ ကျောင်းပို့ကျောင်းကြိုစရာမလိုဘူး။ (ဒါပေမဲ့ သူ့သားဟာ အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့်ရခဲ့တယ်။)

သမားရိုးကျ ပညာရေးစနစ်ကို သူ မကြိုက်ဘူး။ ကျောင်းကသင်ပေးတဲ့ပညာတွေဟာ လူများစွာအတွက် အသုံးတည့်မနေဘူး။ ကမ္ဘာပေါ်မှာ တက္ကသိုလ်တွေ အမြောက်အမြားရှိနေသလို ဘွဲ့ရတဲ့သူတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။ ဒါပေမဲ့ လူသားတွေဟာ ဘဝရပ်တည်ရှင်သန်ဖို့ရာ ပိုပိုပြီးပဲ ခက်ခဲကြမ်းတမ်းနေကြတယ်လို့ သူမြင်တယ်။

လူသားတွေဟာ “ရှေ့ကိုရှေ့ကို”လို့ အော်ဟစ်ပြီး အမောတကော ကြိုးစားကြံဆ တီထွင်ဖန်တီးလာလိုက်တာ နတ်ဘုရားတွေလို တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ ဥတုရာသီဖောက်ပြန်မှု၊ အပူချိန်တွေမြင့်တက်လာမှု၊ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေအကြားမှာ လူသားတွေဟာ လမ်းပျောက်နေကြဆဲ။

မနက်အိပ်ရာထချိန်ကနေ ညသန်းခေါင်ကျော် လင်းအားကြီးချိန်အထိ အပူတွေ၊ သောကတွေ၊ ဗျာများမှုတွေ၊ စိတ်ကျမှုတွေနဲ့ အနားမရဘဲ ရုန်းကန်နေကြရဆဲ။ မြေတစ်ကွက်ဝယ်ဖို့၊ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ အိပ်မက်နဲ့ အအိပ်ခက်နေကြဆဲပါပဲ။

နေ့လယ်ထမင်းစားချိန်ရောက်တော့ တယောက်က သံချောင်းခေါက်တယ်။ စိုက်ခင်းတွေထဲမှာ အလုပ်ဆင်းနေတဲ့သူတွေ တယောက်ပြီးတယောက် စားဖိုဆောင်ကို ရောက်လာကြရော။ ကျနော်တို့လည်း သွားကြရတယ်။

စားပွဲက အရှည်၊ အနိမ့်၊ ကြမ်းပြင်ပေါ်မှာပဲ ထိုင်စားကြရတာ။ ထမင်းပန်းကန်ထဲမှာ ဟင်းတွေကို စုပြုံထည့်ခဲ့။ သီးခြားဟင်းပန်းကန် လုပ်မနေဘူး။ စားရတာ မြိန်ပြီး စိတ်ချမ်းမြေ့စရာပါပဲ။ ပန်းကန်ဆေးတဲ့အခါ ရေချွေတာတယ်။ ဇလုံကြီးလေးခုထားပေးထားတယ်။ ပထမတခုက အကြမ်းဆေး၊ ပြီးတော့ ဆပ်ပြာရည်၊ နောက်နှစ်ခုက အကြည်။ ရိုးရှင်းလိုက်တာ။

သူရဲ့ ဒဿနက ‘ဘဝဆိုတာ မခက်လှပါဘူး’တဲ့။

ငြိမ့်လွင့်