BREAKING
January 2, 2025

နှစ်နာရီကျော်ကြာအလုပ်လုပ်မှ ငါးဥပါသည့်ထားဝယ်မုန့်လက်သုပ်တစ်ပွဲ စားနိုင်တော့မည်

June 26, 2024

အာဏာသိမ်းကာလ ရက်ပေါင်းတစ်ထောင်ကျော်ကြာလာချိန်တွင် ငါးဥပါသည့်ထားဝယ်မုန့်လက်သုပ်တစ်ပွဲလျှင် စျေးနှစ်ဆကျော် မြင့်တက်ကာကျပ် ၁၇၀၀ ဝန်းကျင်အထိ ရှိလာသည်။

အာဏာမသိမ်းမီက ငါးဥပါသည့် မုန့်လက်သုပ်တစ်ပွဲလျှင် ၇၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာမှ လက်ရှိအချိန်တွင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးရှိနေသည်။

ထိုဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် သတ်မှတ်ထားသည့် တစ်ရက်လုပ်အားခနှင့် နှိုင်းယှဉ်ပါက နှစ်နာရီကျော် လုပ်အားခနှင့် ညီမျှနေသည်။

မြန်မာနိုင်ငံတွင် တစ်ရက်အလုပ်ချိန် ၈ နာရီအတွက်လုပ်အားခအဖြစ် ကျပ် ၅၈၀၀ သတ်မှတ်ထားသည့်အတွက် တစ်နာရီလျှင် ၇၂၅ကျပ်သာ ရရှိနေသည်။

ထိုကြောင့် ငါးဥ (ငါးဒွန်းခြင်းဥ) ပါသည့် မုန့်လက်သုပ်တစ်ပွဲစားရန် နှစ်နာရီကျော် အလုပ်လုပ်ရမည်ဖြစ်သည်။

ငါးဥမပါသည့် ရိုးရိုးမုန့်လက်သုပ်တစ်ပွဲလျှင် ပျမ်းမျှအားဖြင့် ကျပ်၂၀၀ ဝန်းကျင်ဖြင့်ရောင်းချခဲ့ရာမှ လက်ရှိတွင် စျေးသုံးဆကျော်မြင့်တက်ကာ ကျပ် ၇၀၀ ဝန်းကျင်အထိရှိလာသည်။

ထားဝယ်ဒေသခံအားလုံးနီးပါးက ထားဝယ်မုန့်လက်သုပ်ကို နှစ်ခြိုက်စွာစားလေ့ရှိပြီး နေ့စဉ်နီးပါး စားတတ်ကြသည်။

“အရင်ကဆိုရင် နေ့တိုင်းစားဖြစ်တယ်။ အခုဆို အမြဲတမ်း မစားဖြစ်တော့ဘူး။ မိသားစုအလိုက်ဆိုရင် မလွယ်ဘူး” ဟု ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်ရက် ၈ နာရီအတွက် အနည်းဆုံးလုပ်အားခကို ကျပ် ၄၈၀၀ ကျပ်အဖြစ် ၂၀၁၈ခုနှစ်တွင် ပြင်ဆင် သတ်မှတ်ခဲ့သည်။ အနည်းဆုံးလုပ်အားခကို ၂နှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ရမည် ဖြစ်သော်လည်း ကိုဗစ်ကြောင့် ၂၀၂၀ တွင် မပြင်ဆင်ခဲ့သလို အာဏာသိမ်းကာလတွင်လည်း ပြင်ဆင်ခဲ့ခြင်း မရှိခဲ့ပေ။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်မှု အနည်းဆုံးလုပ်အားခကို မပြင်ဘဲ အပိုဆုကြေးငွေအဖြစ် ကျပ်တစ်ထောင် ထပ်တိုးပေးရန် ထုတ်ပြန်ခဲ့သဖြင့် ပျမ်းမျှအားဖြင့် တစ်ရက် လုပ်အားခအဖြစ် ကျပ် ၅၈၀၀ ရရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ရက်လုပ်အားခကို ကျပ် ၅၈၀၀ ရရှိရမည်ဖြစ်သော်လည်း ထားဝယ်ဒေသရှိ လုပ်ငန်းအချို့၏ လုပ်ခလစာမှာ တစ်လလျှင် ကျပ်တစ်သိန်းခွဲသာ (တစ်ရက်ငါးထောင်ကျပ်) ရှိသေးသည်။

သို့သော် ပန်းရံကဲ့သို့ အလုပ်မျိုးတွင်မူ အလုပ်ကြမ်းသမားတစ်ဦး၏ တစ်ရက်လုပ်အားခမှာ ကျပ်တစ်သောင်းခွဲအထိ ရတတ်ကြသည်။

ထားဝယ်မုန့်လက်သုပ်ဈေးနှုန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းတက်လာခြင်းဖြစ်ပြီး ပဋိပက္ခ ပြင်းထန်ခဲ့သော ကာလဟုဆိုနိုင်သည့် ယခုနှစ် ဧပြီလဝန်းကျင်မှစကာ အမြင့်ဆုံးဈေးသို့ ရောက်သွားခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်ကမူ မုန့်လက်သုပ်တစ်ပွဲလျှင် ၄၀၀ ကျပ်နှင့် ၅၀၀ ကျပ်ကြား ဈေးရှိခဲ့သည်။

မုန့်လက်သုပ်ဈေးနှုန်းမှာ ဆိုင်နာမည်ကြီးခြင်း၊ စားသုံးသူများခြင်း နည်းခြင်း အပေါ်မူတည်ကာ တစ်ပွဲလျှင် ကျပ်ရာဂဏန်း ကွာလေ့ရှိသည်။

အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေချိန် မိသားစု စားဝတ်နေရေးကုန်ကျစရိတ်များရှိနေသေးသည့်အတွက် မုန့်လက်သုပ် စားသည့်အကြိမ်ရေကို လျှော့ချလိုက်ရကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဒေသခံအချို့က မုန့်လက်သုပ်ကို တစ်ရက်လျှင် နှစ်ကြိမ် သုံးကြိမ်အထိ စားသူများလည်းရှိသည်။

“စားတာ နည်းလာတာပေါ့။ အရင်တုန်းကလို အားတာနဲ့ မုန့်လက်သုပ်ဆိုင်ကို သွားထိုင် (စား) တာ နည်းလာတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းတက်လာသည့်အတွက် မုန့်လက်သုပ်ချက်ရာတွင် အသုံးပြုသည့် ပင်လယ်ငါး၊ ကြက်သွန်နီ၊ ပအုန်းရည်၊ မီးသွေး စသည့် ကုန်ပစ္စည်း ဈေးများလည်း ထိုးတက်သွားသည်။

ထားဝယ်မုန့်လက်သုပ်ချက်ရာတွင် အဓိကအသုံးများသည့် ငါးဒွန်းခြင်းတစ်ပိဿာလျှင် ကျပ်ခုနစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိနေပြီး ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်သုံးထောင် ပေါက်ဈေးရှိနေသည်။