BREAKING
January 11, 2025

အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် နိုင်ကျဉ်းတစ်ဦးသေဆုံး

June 26, 2024

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းထောင်ဝန်ထမ်းများက ရိုက်နှက်သဖြင့် ဇွန်လ ၂၀ရက်တွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားသည် စစ်ကိုင်းဒေသခံ ကိုထက်ရန်နိုင် (ခေါ်) ကိုထက်ထက် ဖြစ်သည်။ ၎င်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။

ဇွန်လ ၂ဝရက် နံနက်တွင် အိုးဘိုအကျဉ်းထောင်၊ အိပ်ဆောင် ၃ မှ အခန်းစာရေးအကျဉ်းသားက မူးယစ်ဆေးဝါး ရောင်းဝယ် နေသည်ကို လက်ပူးလက်ကြပ်မိ၍ ကိုထက်ရန်နိုင်က တိုင်တန်းရန်ကြိုးစားစဉ် တန်းစီးဖြစ်သူက ညှိနှိုင်းပေးသဖြင့် မတိုင်တန်းဖြစ်ဘဲ ပြေလည်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် အခန်းစာရေးဖြစ်သူက မကျေနပ်သဖြင့် အိပ်ဆောင် ၃ ၏ ဒုအဆောင်မှူး တပ်ကြပ်ဇေယျာအောင်အား ဖြစ်စဉ်အား လီဆယ်ကာ ပြန်တိုင်တန်းရာတွင် ဒုအဆောင်မှူးက စုံစမ်းခြင်းမရှိဘဲ ကိုထက်ရန်နိုင်အား ရိုက်နှက်ခဲ့ကြောင်း ဆိုသည်။

ယင်းနောက် ကိုထက်ရန်နိုင်က ၎င်းတွင် အပြစ်မရှိသဖြင့် မရိုက်ရန်ပြန်ပြောသဖြင့် ကလန်ကဆန်ပြုလုပ်သည်ဟုစွပ်စွဲကာ ဒေါက်ခြေချင်းခတ်၍ Mail Jail သို့ ခေါ်သွားခဲ့ကြောင်း PPNM က ထုတ်ပြန်သည်။

အကျဉ်းထောင်ဝန်ထမ်းများက ဝါးဆစ်ပိတ်၊ သံတုတ်၊ ကျင်စက် စသည်တို့ဖြင့် ဝိုင်းဝန်းနှိပ်စက်သဖြင့် အသက်ဘေး လွတ်မြောက်ရန် ကိုထက်ရန်နိုင် အခြားအဆောင်များထံ ထွက်ပြေးခဲ့သော်လည်း မပြေးနိုင်သဖြင့် အိပ်ဆောင် ၅ ၏ စိုက်ခင်းအနီးတွင် တစ်ကြိမ် ထပ်အရိုက်ခံခဲ့ရကြောင်းဖော်ပြသည်။

ရိုက်နှက်ခံရမှုများကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ညိုမဲဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာများ ရရှိပြီးသတိလစ်နေသည့် ကိုထက်ရန်နိုင်ကို နံနက် ၁ဝနာရီတွင် ကြိုးတုပ်ကာ အကျဉ်းထောင်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးမကုပေးဘဲ အရူးတိုက်တွင် တိုက်ပိတ်ထားခဲ့ကြောင်း PPNM က ဆိုသည်။

မွန်းလွဲ ၁ နာရီရောက်မှသာ ကိုထက်ရန်နိုင်အား မန္တလေးဆေးရုံကြီးသို့ ပို့ခဲ့ပြီး ယင်းဆေးရုံကြီးတွင်ပင် အသက်ဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် မတ်လကလည်း ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟနှင့် ကိုမင်းသူတို့နှစ်ဦးကို စစ်ကောင်စီက အကျဉ်းထောင်ပြင်ပခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။

“နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ အကျဉ်းထောင်အတွင်းမှာ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ခံနေရချိန်မှာ ကျွန်တော်တို့တွေ ရဲ့ အော်ဟစ်သံ၊ တောင်းဆိုသံတွေကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာနိုင်ငံအသီးသီးက လူ့အခွင့်အရေးအဖွဲ့စည်းတွေ သိမြင် စေချင်ပါတယ်။ ICRC အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ရှိသူတွေအနေနဲ့ မြန်မာပြည်အတွက် ထိရောက်တဲ့ ဖိအားပေးမှုနဲ့ လက်တွေ့ကျတဲ့ အရေးယူမှုတွေပြုလုပ်ပေးဖို့ တောင်းဆိုပါတယ်” ဟု PPNM မှ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ အကျဉ်းဦးစီးဌာနသည် ယခုဇွန်လအတွင်း၌ပင် အကျဉ်းထောင်သုံးခုတွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ရွှေ့ပြောင်းမှုများဆက်တိုက်လုပ်နေကြောင်း PPNM ထံမှ သိရသည်။