BREAKING
April 28, 2025

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အိမ်ထဲခိုးဝင်ပြီး ချောင်းကြည့်သည်ဟုဆိုကာ ဖမ်းဆီးခံရ

June 26, 2023

ထိုင်းနိုင်ငံ တရတ်ခရိုင်တွင် ထိုင်းနိုင်ငံသား၏ အိမ်ထဲခိုးဝင်ပြီး ချောင်းကြည့်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား တစ်ဦး ဇွန်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကိုအောင်မဲအမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရော်ဘာခြံတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ရေးသားထားသည်။

ထိုင်းအိမ်ရှင်က ၎င်းသည် ဇနီးနှစ်ဦးနှင့်အတူ အိမ်တွင်ရှိနေစဉ် မြန်မာအလုပ်သမားသည် အိမ်နောက်မှ ဝင်လာပြီး ချောင်းကြည့်နေကြောင်း သတင်းဌာနများသို့ ပြောဆိုထားသည်။

မြန်မာအလုပ်သမားကို ဖမ်းဆီးရန်အတွက် မီးဖွင့်၍ အနီးအနားက လူများကို ခေါ်ကာ အကူညီတောင်းခံခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ရောက်ရှိချိန်တွင် မြန်မာအလုပ်သမား၏ မျက်နှာတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရထားသည်ကို တွေ့ရပြီး အနီးတွင်လည်း သွေးများကို တွေ့ရှိကြောင်း‌ သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားသည် ရွာအတွင်းသို့ ဝင်လာလေ့ရှိသူဖြစ်ကာ မိန်းကလေးများကို ချောင်းကြည့်လေ့ရှိသဖြင့် ရွာသားများက တိုင်ကြားထားဖူးကြောင်း ရွာသူကြီးလက်ထောက်တစ်ဦး၏ ပြောကြားချက်ကို ကိုကားကာ ထိုင်းသတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားကို ဆက်လက်စုံစမ်းမေးမြန်းရန်အတွက် တရတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

Ref: Amarin News, Trat Post News