သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးထပ်ရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။
ရငဲကျေးရွာ အင်းဗူးပိုင်းနှင့် ရွာတောင်ပိုင်းတို့က ခန့်မှန်းနေအိမ် နှစ်ဆောင်ကို မီးရှို့နေခြင်းဖြစ်ပြီး မီးခိုလုံးကြီးများ တက်လာနေသည်ကို အဝေးက လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ခန့်မှန်းတာကတော့ အင်းဗူးပိုင်းထဲမှာတစ်ဆောင်၊ ရွာတောင်ပိုင်းက တစ်ဆောင်ဖြစ်မယ်။ မီးခိုတွေက အဲဒီဖက်ကနေ တက်လာနေတာဆိုတော့လေ” ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီခန့်က ပြောဆိုသည်။
စစ်ကောင်စီတပ်က ရငဲကျေးရွာထိပ်ရှိ မြွေတောင်တောင်ကုန်းပေါ်က ကားလမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ယနေ့နံနက် ၈ နာရီခန့်က ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ နေအိမ်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ရငဲရွာထဲတွင်မူ သက်ကြီးရွယ်အို အနည်းငယ်ကလွဲပြီး တစ်ရွာလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရကြကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာထဲမှာ လူလည်းမရှိဘူးဆိုတော့ အိမ်တွေက ပစ္စည်းတွေကို ယူချင်သလိုယူ။ ရှို့ချင်သလို ရှို့နေကြတာ” ဟု အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဇွန်လ ၁၈ ရက်ကစပြီး ရငဲနှင့် အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ရငဲကျေးရွာက နေအိမ်များကို မီးရှို့နေသည်မှာ ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်မှာလည်း ရငဲ တစ်ရွာတည်းတွင်ပင် အနည်းဆုံး ၈ ဆောင်ရှိနေပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ဘေးလွတ်ရာတိမ်းရှောင်နေကြသည့် ဒေသခံများမှာလည်း အစားအသောက် အခက်အခဲကြီးကြီးမားမား ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။