BREAKING
November 16, 2024

ရေဖြူ ဖောင်းတောတွင် ရွာသားလေးဦး အဖမ်းခံထားရ

May 26, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဖောင်းတောကျေးရွာအုပ်စု မော်ကြီးရွာက အမျိုးသားလေးဦးအား ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မေလ ၂၆ ရက် နံနက်ပိုင်းတွင် ရဲနှင့်စစ်သားများ မော်ကြီးကျေးရွာ စာသင်ကျောင်းသို့ရောက်လာပြီးနောက် စာသင်ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူလေးဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို အပြင်ကို ခေါ်ထုတ်ပြီး ဒူးထောက်ထိုင်ခိုင်းတယ်။ ပြီးတာနဲ့ ဘာတွေထည့်ထားတဲ့ အိတ်မှန်းတော့မသိဘူး အဲဒါတွေ ထမ်းခိုင်းပြီးတော့ ရွာပတ်ခိုင်းတယ်” ဟု မျက်မြင်တွေ့သူ ၎င်းအမျိုးသားက ဆိုသည်။

ယင်းအဖမ်းခံထိသူအမျိုးသားလေးဦးအား ‌တပ်ကောင်စီကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးထားပြီး ယနေ့ နေ့လယ် သုံးနာရီအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားသည်။