BREAKING
November 16, 2024

ထားဝယ်လက်ဖက်ရည်ဆိုင်သပိတ် ဆိုင်ပိုင်ရှင် အဖမ်းခံရ

May 26, 2021

ထားဝယ်မြို့တွင် ယမန်နေ့က လူငယ်များ လက်ဖက်ရည်ဆိုင်သပိတ်လုပ်သည့် ဆိုင်မှ ဆိုင်ပိုင်ရှင်ကို မေလ ၂၆ ရက်နေ့ နံနက်က လာရောက်ဖမ်းဆီးသွားကြောင်း ဆိုင်အနီးတွင် နေထိုင်သူအချို့ထံမှ သိရသည်။

ကညုံရပ်ကွက် တောင်ခွလမ်းဆုံအနီးရှိ ‘ဦးတင်ထွန်းဆိုင်’ ဟု လူသိများသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ထွန်းကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းလက်ဖက်ရည်ဆိုင်တွင် မြို့ခံလူငယ်များက လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ကြခြင်းဖြစ်သည်။

ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကVigo ကားနှစ်စီးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကိုမူ မပြောကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“ဆိုင်ရှင်ကို လာမေးပြီးတော့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်ခင်ဗျား” ဟု ၎င်းက ပြောသည်။

အထက်ပါ လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပြင် ဘုမ္မော်ရပ်ကွက် သတ္တုရုံးလမ်းထိပ်ရှိ အခြားလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းဇော်ကိုလည်း ယနေ့နံနက်စောစောတွင် ဖမ်းဆီးသွားကြောင်း ဆိုင်အနီးဝန်းကျင်ထံမှ သိရသည်။