BREAKING
April 26, 2025

တနင်္သာရီကို ရိက္ခာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲ

April 26, 2025

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းကို ရိက္ခာသွားပို့သည့် စစ်ကောင်စီယာဉ်တန်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ရိက္ခာ၊လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်သားများလိုက်ပါလာပြီး မြိတ်ဘက်မှတနင်္သာရီ ဘက်သို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပထမအကြိမ် တိုက်ခိုက်မှုတွင် နှစ်ဖက်စလုံး ထိခိုက်မှုမရှိကြောင်း ၎င်းကပြောသည်။

ထိုနောက် ဧပြီလ ၂၅ ရက်နေ့တွင် တနင်္သာရီမြို့အနီးရှိ ခမရ ၅၅၇ တပ်ကို ရိက္ခာပို့ပြီး မြိတ်ဘက်သို့ ပြန်မောင်းလာသည့် အထက်ပါယာဥ်တန်းကို ဘန်းလမွတ်ရွာအနီးရှိ ကမ်းတိုရွာတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အပြန်အလှန်ပစ်ခတ်မှုက တစ်နာရီကျော်ကြာဖြစ်ကြတယ်။ မနေ့ (ဧပြီ၂၄)က တက်သွားတဲ့ကားတွေပဲ။ အခုပြန် တိုက်ခံထိတယ်။သူတို့ဘက်က သေနတ်ငယ်တွေနဲ့ ပြန်ပစ်ကြတယ်” ဟုအထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်မသိရသေးကြောင်း ၎င်းက ဆိုသည်။

“တိုက်ခိုက်ခံရတော့ စကစဘက်က လက်နက်ကြီး၊ ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကို ပြုလုပ်ခဲ့တယ်။ စကစဘက် ထိခိုက်မှုတစ်ချို့တော့ ရှိနိုင်ပေမယ့် အတိအကျကိုတော့မသိဘူး” ဟု အခြားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီယာဉ်တန်းကို တနင်္သာရီ ပကဖ၏ ဇုန်၃ ၊ဇုန် ၅ နှင့် တနင်္သာရီ ပကဖ တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုင်းဆွဲခံရသည့် နေရာအနီး ဘန်းလမွတ်ကျေးရွာအုပ်စုရှိ စစ်ကောင်စီကင်းတဲများနှင့် စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင်တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ တောဗုံးကြီးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကျော်ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း အဆိုပါတပ်ဖွဲ့ဝာာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ဘက်က တစ်နေ့လုံးလိုက်ချနေတာ။ ဗုံးသီးချတိုင်း စကစဘက်ကတော့ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေလုပ်တယ်။ ထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု တောဗုံးကြီးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကားများ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ကာလရှည်စစ်ရေးတင်းမာနေသည်။