BREAKING
April 26, 2025

ဘုရားသုံးဆူမြို့အနီး မက္ကသာရွာဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

April 26, 2025

ပုံစာ - ၂၀၂၂ ခုနှစ်က မက္ကသာရွာ သတ္တုမိုင်းလုပ်ကွက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ။ ဓာတ်ပုံ - ဒေသခံတစ်ဦး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းတွင်းနေရာများကို ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းလုပ်ကွက် အမှတ် ၂ နှင့် အမှတ် ၅ နေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃၅ လုံးထက်မနည်း လာရောက်ကြဲချသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း သတ္တုမိုင်း အဆောက်အအုံ ထိခိုက်ပျက်စီးမှုရှိသည်ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

“မက္ကသာရွာအပြင်ဘက် တောဘက်မှာပေါ့ အဲ့အနီးအနားမှာ မိုင်းလုပ်ကွက်နေရာတွေကို ဗုံးကြဲတာ။ ၃၅ လုံးလောက်ရှိမယ်။ လူထိခိုက်တာတော့ မရှိဘူး။ အဆောက်အအုံ ထိခိုက်ပျက်စီးတာတော့ ရှိတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

၂၀၂၂ ခုနှစ်ကလည်း မက္ကသာကျေးရွာအနီးရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းလုပ်ကွက်ရှိ တရုတ်နိုင်ငံသားများအပါအဝင် မိုင်းလုပ်သားအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး ( KUN) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ မက္ကသာ သတ္တုမိုင်းလုပ်ကွက်များသည် ယခင်စစ်အစိုးရလက်ထက်ကတည်းက ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုင်း၊ တရုတ်တို့နှင့် ဆက်စပ်ကုမ္ပဏီများလည်း လုပ်ကိုင်နေကြောင်း သိရသည်။

စစ်ကောင်စီက ကရင်အမျိုးသား အစည်းအရုံး ( KUN) ထိန်းချုပ်နယ်မြေအတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ နေရာတို့ကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။

ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကိုရင်တစ်ပါးနှင့် သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ကြောင်း KNU သထုံခရိုင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကပင် ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ မင်းစောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရဟန်းသံဃာတော်များအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။