BREAKING
April 26, 2025

မြိတ်-တနင်္သာရီလမ်းပိုင်းရှိ ကြေးနန်းတိုင်တံတားဂိတ်တွင် ဈေးကားများ ဖြတ်သန်းခွင့်ကန့်သတ်

April 26, 2025

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် ဈေးကားများဖြတ်သန်းခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသခံအချို့နှင့် ဈေးကားမောင်းသူအချို့ထံမှ သိရသည်။

ယမန်နေ့ (ဧပြီလ ၂၅ရက်) မှစကာ နယ်ဖက်ကျေးရွာများအနှံ့ ငါးလှည့်လည်ရောင်းချလေ့ရှိသည့် ဆိုင်ကယ်များအပါအဝင် မီးဖိုချောင်သုံးနှင့် စားသောက်ကုန်များ လှည့်လည်ရောင်းချနေသည့် ဈေးကားများကို ဖြတ်သန်းခွင့်မပေးတော့ကြောင်း ၎င်းတို့က ဆိုသည်။

ကြေးနန်းတိုင်တံတားမှာ မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး ခရီးသွားများနှင့် ကုန်တင်ကားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိသည်။

“ပုံမှန်ဆိုရင် သူတို့(စကစ) လမ်းကြောင်းတွေရှိနေရင်တောင် ဈေးကားတွေတက်လို့ရတယ်။ ပုံမှန်တက်လာနေကြ ဈေးကားတွေကို ပေးမတက်ဘဲ အကုန်လှည့်ပြန်လိုက်ခိုင်းတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကြေးနန်းတိုင်တံတားဂိတ်တွင် ပြီးခဲ့သည့် မတ်လကစကာ ကုန်ကားမောင်းသည့်သူများကို ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ထိုကဲ့သို့ ကုန်တင်ကားများနှင့် ယာဉ်မောင်းများကို ဖမ်းဆီးပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်ဘက်သို့ တင်ပို့မည့် စားနပ်ရိက္ခာများကို ဖြတ်သန်းခွင့်ကန့်သတ်မည်ဟု သတင်းထွက်ပြီးနောက်ပိုင်း ယင်းကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ဈေးကားတွေမလာတော့ ကုန်စိမ်း၊ အသားငါးတွေ စားရဖို့မလွယ်တော့ဘူး။ ပြီးတော့ မြိတ်ကိုသွားလာတဲ့သူတွေက လိုင်းကားလည်းမရှိတော့ အဲဈေးကားတွေနဲ့ပဲ သွားလာနေကြတာ။ အခက်အခဲရော အဆင်မပြေမှုတွေပါ တော်တော်ဖြစ်လာမှာ”ဟု အဆိုပါဒေသခံက ပြောသည်။

ထိုအပြင် ဈေးကားဖြင့် လှည့်လည်ရောင်းချနေသူများလည်း စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်းကို ဈေးကားမောင်းသူနှင့် ရင်းနှီးသူများက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို ဆန်၊ ရိက္ခာ၊ ဆေးဝါးအပါအဝင် စက်သုံးဆီ သယ်ယူခွင့်ကန့်သတ်ခဲ့ပြီး ယမန်နှစ်ကုန်ပိုင်းမှစကာ ပိုမိုတင်းကျပ်လာသည်။