ကရင်အမျိုးသားအစည်းအရုံး(KNU) ထံသို့ ပို့ဆောင်မည့် လက်နက်ပစ္စည်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကွန်ဒိုတိုက်ခန်းထဲတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီက လတ်စီနယ်မြေရှိ ချန်ဝတ်တနလမ်းထဲက ကွန်ဒိုတိုက်ခန်းကို ဝရမ်းအရ ရှာဖွေစစ်ဆေးစဉ် လက်နက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အခန်းပိုင်ရှင်ဖြစ်သူသည် ဧပြီလ ၁၂ ရက်နေ့ကတည်းက အခန်းမှ ထွက်ခွာသွားပြီးနောက်ပိုင်း ပြန်လာခြင်းမရှိတော့ကြောင်း ကွန်ဒိုအဆောက်အဦး၏ တာဝန်ရှိသူက ရဲတပ်ဖွဲ့ထံ ပြောသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့များက ကွန်ဒိုတိုက်ခန်း၏ ရှေ့နေကို သက်သေအဖြစ်ထား၍ အခန်းထဲ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။




အခန်းထဲတွင် ပစ်စတိုသေနတ်၊ ရိုင်ဖယ်နှင့် အခြားလက်နက်ပစ္စည်းများအပါအဝင် ကျည်ဆန်များ၊ ကျည်ကာအင်္ကျီများကို စစ်ဆေးတွေ့ရှိခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။
လက်နက်ပစ္စည်းအားလုံးကို သက်သေအနေဖြင့် ရဲစခန်းသို့ သိမ်းဆည်းသွားပြီး လက်နက်ပိုင်ရှင်ကိုလည်း ထပ်မံရှာဖွေစုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
KNU ထံပို့ဆောင်မည့် လက်နက်ပစ္စည်းများနှင့်အတူ ပို့ဆောင်ပေးမည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့က ချင်းမိုင်တွင် ဖမ်းဆီးမိပြီး ဆက်လက်စုံစမ်းဖော်ထုတ်မှုအရ ဘန်ကောက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် မယ်ဟောင်စောင်ဒေသခံများဖြစ်ပြီး လက်နက်ပစ္စည်းများကို KNU ထံသို့ ပို့ဆောင်ပေးနေသူများဖြစ်ကြောင်း ဝန်ခံထားသည်ဟု သတင်းများအရ သိရသည်။
Ref: Khaosod English, Amarin TV