BREAKING
April 26, 2025

မြစ်ထဲကျသွားသည့် ကားထဲပါလာသော အထောက်အထားမဲ့မြန်မာများ ဖမ်းဆီးခံရ

April 26, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့်ကား မြစ်ထဲကျသွားရာမှ မြန်မာများဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဧပြီလ ၂၅ ရက်နေ့က ကန်ချနဘူရီမြို့ထဲတွင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို လတ်ရစစ်ဆေးရေးဂိတ်ရှိ ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးစဉ် ကားသည် အစစ်အဆေးမခံဘဲ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားကလည်း ထွက်ပြေးတိမ်းရှောင်နေရင်း ခွိုင်းယိုင်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသော နော့ဘိုဝါတံတားပေါ်ရောက်သောအခါ ဒေသခံကားကို ဝင်တိုက်ခဲ့ပြီးနောက် ပစ်ကပ်ကားမှာ မြစ်ထဲ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များလည်း လိုက်ပါလာပြီး အားလုံး ၁၉ ဦးကို တွေ့ရှိခဲ့ကြောင်းဖော်ပြသည်။

ကားသမားက မြစ်ထဲခုန်ချ၍ တစ်ဖက်ကမ်းကို ကူးခတ်ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။

မြန်မာနိုင်ငံသားများက ရန်ကုန်မြို့မှတစ်ဆင့် လာကြပြီး စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ကို ဖော်ပြသည်။

ခရီးစရိတ်အတွက် တစ်ဦးလျှင် ပွဲစားကို ဘတ် ၈၅၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ထပ်မံဖြေကြာထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေသော ကားသမားကို ဝရမ်းထုတ်၍ ဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khaosod English, Joe Joe