BREAKING
April 26, 2025

ထားဝယ်မြို့နယ် ဇဟာဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးကျပြီး အရပ်သားနှစ်ဦးသေဆုံး

April 26, 2025

ထားဝယ်မြို့နယ် ဇဟာကျေးရွာ ၊ဇဟာကျောင်းကြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ယနေ့ (ဧပြီ ၂၆) နံနက်ပိုင်းတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဇနီးမောင်နှံ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဒရုန်းဗုံးဟု ယူဆရသည့် အဆိုပါဗုံးမှာ ယနေ့ နံနက် ၇ နာရီခန့်တွင် ဇဟာကျောင်းကြီးဝင်းအတွင်းရှိ ကွန်ကရစ်လမ်းပေါ် ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်းသိရသည်။

ဗုံးစထိမှန်ခြင်းကြောင့် ဘုန်းကြီးအနီးနေထိုင်သည့် ကိုမျိုးကျော်နှင့် ဇနီးဖြစ်သူ မလေးလေး(ခေါ်) မဆွေဇင်အောင် သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“မလေးလေးကတော့ ဦးခေါင်းထိပြီး အခင်းစဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ကိုမျိုးကျော်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတာပါ”ဟု ယင်းဒေသခံအမျိုးသားကပြောသည်။

ယင်းအပြင် အဆိုပါဗုံးအစ ထိမှန်ပြီး ဇဟာကျောင်းကြီးတွင် သီတင်းသုံးနေသည့် ရဟန်းနှစ်ပါး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ဒေသခံများကပြောသည်။

အဆိုပါဒရုန်းဗုံးကို မည်သည့် လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ချခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်မသိရသေးပေ။

ဇဟာရွာနှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သို့သော် ‌ဇဟာရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော မောင်မယ်ရှောင်ရွာ အနီးရှိ ဒေသခေါ်ဟားလီးကွေ့ ထားဝယ်-ရေဖြူလမ်းပိုင်းတွင်မူ ယနေ့ နံနက်စောစော တိုက်ပွဲဖြစ်နေကြောင်း ခရီးသွားများကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်နေသည့်အချိန်တွင် ထားဝယ်မြို့၏ ဝေဟင်၌ စစ်လေယာဉ်များ ဝဲပျံနေကြောင်း မြို့ခံများကပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိထားဝယ်မြို့နယ် သရက်ချောင်းမြို့နယ်များတွင် ဧပြီလ တတိယပတ်ကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိသည်။