BREAKING
April 26, 2025

စစ်ကောင်စီက ထားဝယ်လေးမြို့နယ်အား စက်သုံးဆီ သယ်ယူရောင်းချခွင့် ပိတ်ပင်

April 26, 2025

ပုံစာ - ထားဝယ်မြို့၊ ကမ်းနားဆီဘောတွင် စက်သုံးဆီလာရောက်ဝယ်ယူနေစဉ်။ (ပုံဟောင်း)

ထားဝယ်မြို့ထဲရှိ စက်သုံးဆီများကို မြို့အပြင်ဘက်သို့ သယ်ယူရောင်းချခွင့် မပေးတော့ဘဲ စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း စက်သုံးဆီရောင်းချနေသူများထံမှ သိရသည်။

ထားဝယ်မြို့ထဲမှလွဲပြီး မြို့ပြင်လေးမြို့နယ်မှ စက်သုံးဆီရောင်းချရန် လာရောက်ဝယ်ယူသူများကို ရောင်းမပေးရန် ထားဝယ်မြို့ ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီ ( ဒေသအခေါ် စက်သုံးဆီဘော) များအား စစ်ကောင်စီက ညွန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများမှာ ထားဝယ်ခရိုင် လေးမြို့နယ်ထံသို့ စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေကြခြင်း ဖြစ်သည်။

“မြို့အဝင်တံတားကျော်ပြီး လာဝယ်တဲ့သူဆို မရောင်းရဘူးလို့( စစ်ကောင်စီ) ကမှာထားပါတယ်။ ပုံးတွေ၊ဗူးတွေနဲ့ အိမ်သုံးဖို့ လာဝယ်တာတောင်ရောင်းပေးလို့မရဘူးဆိုရင် တိုင်ကီနဲ့ပေပါနဲ့ ဝယ်ပြီး ကားတင်သွားမယ့်သူဆို ပိုဆိုးတာပေါ့” ဟု ကမ်းနားလမ်းရှိ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ပြောသည်။

ဧပြီလ ၂၄ ရက်ကစပြီး စစ်ကောင်စီက ထိုကဲ့သို့ ညွန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဝယ်လက်ဖောက်သည်များအား စက်သုံးဆီရောင်းချခွင့်မရကြတော့ဘဲ ကား၊ ဆိုင်ကယ် တို့ကို စက်သုံးဆီဖြည့်ပေးခြင်းမျှသာ ခွင့်ပြုထားသဖြင့် ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများ ရောင်းအားမရှိ၍ အဆင်မပြေဖြစ်နေကြကြောင်း လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

“ကျွန်တော်တို့တစ်ဆင့် ပြန်ရောင်းမယ့်သူတွေဆို လုံးဝမရောင်းပေးဘူး။ ဒါပေမဲ့ ဆိုင်ကယ်ဆီဖြည့်မလား၊ ကားဆီဖြည့်မလား အဲလိုဆိုရတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ နယ်မြို့များကို စက်သုံးဆီသယ်ဆောင်ရောင်းချခွင့် ပိတ်လိုက်သည့်အပေါ် မေးမြန်းရန် တနင်္သာရီတိုင်း စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအရာရှိထံ ယနေ့ နံနက်ပိုင်းက ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားခြင်းမရှိပေ။

“အဲဒီကိစ္စဆိုရင်တော့ ကျွန်တော်ဖြေလို့အဆင်မပြေဘူးခင်ဗျား” ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

နယ်ကျေးရွာများတွင်မူ စက်သုံးဆီဝယ်ယူရခက်ခဲမှု တကျော့ပြန်ဖြစ်ပွားနေပြီး ဈေးနှုန်းလည်းမြင့်တက်နေသည်။

စက်သုံးဆီရောင်းဝယ်ခွင့် မပိတ်ခင်က နယ်ကျေးရွာများတွင် တစ်လီတာကို ကျပ် ၃၃၀၀ ဝန်းကျင်ဈေးသာရှိသော်လည်း စက်သုံးဆီမှာ လက်ရှိတွင် ကျပ် ၄၅၀၀ အထိမြင့်တက်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းကာလတွင် စက်သုံးဆီပြတ်လပ်ခြင်း၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များက သယ်ဆောင်ခွင့်ကန့်သတ်ခြင်းတို့ မကြာခဏဖြစ်ပွားနေသဖြင့် ပြည်သူများမှာ များစွာအခက်အခဲ ဖြစ်ကြရသည်။

“ကျွန်တော်တို့အလုပ်က ဆိုင်ကယ်နဲ့သွားနေရတဲ့သူတွေဆိုတော့ စက်သုံးဆီမရှိရင် မဖြစ်ဘူး။ အဲဒါကြောင့် တစ်လီတာရရ၊ ရသလောက်လိုက်ဝယ်နေရတယ်” ဟု လောင်းလုံးဒေသခံ ဟင်းသီးဟင်းရွက် လိုက်လံရောင်းချနေသူ မျိူးသမီးတစ်ဦးကပြောဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ရေးအခြေအနေတင်းမာလာသည့် အချိန်တိုင်း စက်သုံးဆီသယ်ယူရောင်းချခွင့်ကို ပိတ်ပင်တားမြစ်လေ့ရှိသည်။

ယခုလည်း ထားဝယ်မြို့ပတ်ပတ်လည်တွင် စစ်ရေးတင်းမာနေသဖြင့် စစ်သုံးဆီးဖြတ်တောက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်နေကြသည်။