ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
လဲရှောင်ခြေတော်ရာဘုရားအနီး မတ်လ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့သည် မတ်လ ၂၅ ရက်နေ့ မွန်းလွဲချိန်က ပထမအကြိမ်တိုက်ပွဲဖြစ်သည့် နေရာနှင့်မနီးမဝေးတွင် နှစ်ဘက်တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“တိုက်ပွဲက မနေ့က ထပ်ဖြစ်တယ်။ တစ်နေ့ကဖြစ်တဲ့နေရာနဲ့က သိပ်မဝေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။
မတ်လ ၂၅ ရက်(ယမန်)နေ့က ဖြစ်သည့်တိုက်ပွဲ၌ တော်လှန်ရေးတပ်သားသုံးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။
“ကင်းပုန်းဝပ်နေတာသတိမထားမိလို့ပါ။ ဒဏ်ရာကတော့စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ယင်းတိုက်ပွဲပြီးနောက် လဲရှောင်ရွာနှင့် ခမောင်းချောင်းရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းဒေသခံများကပြောသည်။
ထို့ကြောင့်ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ နဘုလယ်ဒေသခံများဖြစ်သော လဲရှောင်၊ထိန်ကြီး၊ ပရဒပ်၊ခမောင်းချောင်း၊ ဧကနိစသည့်ကျေးရွာများမှ ဒေသခံများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ရုရှားက ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှုရပြီးနောက် မတ်လ ၁၃ ရက်နေကစပြီး စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်တွင် အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။
ထိုသို့အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်မှ မတ်လ ၂၀ ရက်နေ့တွင် ရေနက်ဆိပ်ကမ်း ယာယီတပ်စခန်းမှ အင်းအား ၁၀၀ခန့်ထုတ်နုတ်ပြီး နဘုလယ်ဒေသတစ်ခွင်ကို စစ်ကြောင်းထိုးနေရာ မတ်လ ၂၆ ရက် ယနေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ကြားတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။