BREAKING
March 29, 2025

ချင်းမိုင်က မြန်မာစားသောက်ဆိုင် စစ်ဆေးခံရပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရ

March 26, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားသော မြန်မာစားသောက်ဆိုင်ကို ထိုင်းအာဏာပိုင်များက မတ်လ ၂၅ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။

စားသောက်ဆိုင်တွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်နေကြောင်း တိုင်ကြားလာသဖြင့် လဝကအဖွဲ့များ၊ အလုပ်သမားအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ဆိုင်ထဲတွင် မြန်မာနိုင်ငံသားတစ်ဦး ဈေးရောင်းနေသည်ကို တွေ့ရပြီး လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူသည် ဆိုင်ထဲ ဈေးရောင်းနေသူဖြစ်ပြီး ဆိုင်ရှင်က ၎င်းကို့ တစ်ရက်လုပ်အားခ ဘတ် ၂၀၀ ဖြင့် အလုပ်ပေးထားကြောင်း လဝက၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားကို ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် မယ်ပင်းရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ချင်းမိုင်မြို့ထဲ တရားမဝင် လုပ်ငန်းများကို တွေ့ရှိပါက တိုင်ကြားကြရန်လည်း ချင်းမိုင်လဝက က ဖုန်းနံပါတ်နှင့်တကွ ထုတ်ပြန်ထားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ကိုင်ဆောင်ထားပါက ဆိုင်ရှေ့ ဈေးရောင်းခွင့် မရှိသေးကြောင်း၊ ဈေးရောင်သူများအနေဖြင့် ဆိုင်ရှေ့ဈေးရောင်းချခွင့်ကို လျှောက်ထားပြီးမှသာ လုပ်ကိုင်ခွင့်ရှိကြောင်း မြန်မာအလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။