BREAKING
March 29, 2025

မြိတ်တွင် ဆံပင် စျေးကောင်းရ၊ ငွေကြေးကျပ်တည်းသဖြင့် ရောင်းသူများ

March 26, 2025

မြိတ်မြို့တွင် ဆံပင်ကို ဈေးကောင်းပေးဝယ်ယူနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

ဆံပင်အရှည်ကို လက်မဖြင့် တိုင်းတာပြီး ဆံပင်အရှည်အပေါ်မူတည်ကာ တစ်ကျပ်သားလျှင် ငွေကျပ် လေးထောင် ဝန်းကျင်မှ ကျပ်လေးသောင်းဝန်းကျင်အထိ ဈေးပေါက်နေကြောင်း မြို့ခံအချို့က ပြောသည်။

အာဏာမသိမ်းမီကာလက ဆံပင်အရှည်အ‌‌ပေါ်မူတည်ကာ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဝန်းကျင်အထိသာ ဈေးရှိခဲ့သည်။

ယင်းအပြင် ဆံပင်ဝယ်ရသည့် ပမာဏလည်း များလာပြီး လက်ရှိတွင် တစ်လလျှင် ပိဿာချိန် နှစ်ဆယ်ကျော်အထိ ဝယ်ယူ နေရရာ အာဏာမသိမ်းမီကထက် ဆယ်ဆခန့်ပိုများလာကြောင်း မြိတ်မြို့ရှိ ဆံပင်ဝယ်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဆံပင်ကျွတ်တွေလည်း ဝယ်တယ်။ ဒါပေမဲ့ ဆံပင်ကျွတ်က ဈေးနည်းတယ်။ ဆံပင်အရှည်ကိုကျတော့ ကျွန်မတို့ ကိုယ်တိုင် ဖြတ်ပြီး ဝယ်တယ်။ ဆံပင်အရည်အသွေးအပေါ် မူတည်ပြီးဈေးဖြတ်တယ်။ တချို့ကလည်း ၁၀ သိန်းအထိ ရကြတယ်” ဟု ၎င်းက ပြောဆိုသည်။

မြိတ်မြို့တွင် စားဝတ်နေရေး အဆင်မပြေသူများက အဓိကလာရောင်းနေကြကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

ဝယ်ယူရရှိသည့် ဆံပင်များကို ဆံပင်အရှည်ဖြစ်‌အောင် ဆက်ခြင်း၊ ဆံထုံးအတု လုပ်ခြင်းတို့တွင် ပြန်လည်အသုံးပြုကြောင်း ဆံပင်ရောင်းဝယ်သူများထံမှ သိရသည်။

မြိတ်ဒေသတွင် ဝယ်ယူရရှိသည့်ဆံပင်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့် မြို့ကြီးများသို့ အဓိက တင်ပို့‌ ရောင်းချကြ‌ပြီး အဆိုပါမြို့ကြီးများတွင် စျေးကောင်းပေးဝယ်သဖြင့် မြိတ်တွင်လည်း စျေးကောင်းရနေခြင်းဖြစ်ကြောင်း ဆံပင်ရောင်းဝယ်သူများက ဆိုသည်။

ဆံပင်ရှည်များကို မြိတ်မြို့ရှိ ဆံပင်အလှပြုပြင်ရေးဆိုင်ကြီးများကလည်း ဝယ်ယူအသုံးပြုကြောင်း မြိတ်မြို့ရှိ ဆံပင်ရောင်းဝယ်သူများထံမှ သိရသည်။

လက်ရှိတွင် ကုန်ဈေးနှုန်း အဆမတန်တက်နေပြီး ငွေကြေးကျပ်တည်းလာသည့်အတွက် ငွေကြေးရလွယ်သည့်ဆံပင်ကို ဖြတ်ရောင်းလာကြကြောင်း မြိတ်မြို့ တိုးချဲ့ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုခေတ်ကာလမှာက ကုန်ဈေးနှုန်းတွေက တအားကြီးတော့ ကိုယ့်ခေါင်းက ဆံပင်လည်း စားဝတ်နေရေးအတွက် ဖြတ်ရောင်းသင့်ရင် ဖြတ်ရောင်းရမှာပဲလေ” ဟု ၎င်းက ဆိုသည်။

အာဏာမသိမ်းမီက ဆံပင်ရောင်းဝယ်သူများက နယ်လှည့်‌ဝယ်ယူကြသော်လည်း လက်ရှိတွင် ‌နယ်မြေ မအေးချမ်းမှု များကြောင့် နယ်လှည့်ရောင်းဝယ်သူ မရှိ‌သလောက်နည်းပါးလာကြောင်း ဆံပင်ရောင်းဝယ်သူအချို့ထံမှ သိရသည်။