ငွေကြေးလိမ်လည်သူများသည် Facebook အကောင့်ကို ခိုးယူပြီး ထားဝယ်ဒေသခံများအား ပစ်မှတ်ထားကာ ငွေကြေး လိမ်လည်နေကြောင်း စုံစမ်းသိရှိရသည်။
Facebook အကောင့်ကို ခိုးယူပြီးနောက် ယင်းအကောင့်ထဲရှိ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်များထံ မက်ဆင်ဂျာမှ စာပို့ ပြီး KPay သို့မဟုတ် Wave Money တို့မှတစ်ဆင့် ငွေလွှဲခိုင်းလေ့ရှိကြောင်း ကိုယ်တိုင်ကြုံဖူးသူများက Dawei Watch သို့ ပြောဆိုကြသည်။
“ပိုက်ဆံ (ကျပ်) ငါးသိန်းလောက် ခဏလွှဲပေးဖို့ဆိုပြီး ပထမဆုံးလာပြောတာ။ ကျွန်မသူငယ်ချင်းက ဒါမျိုးတစ်ခါမှ မချေးဖူး တော့ စိတ်ထဲတစ်မျိုးဖြစ်လာတာနဲ့ ဖုန်းဆက်ပြီးမေးကြည့်လိုက်တော့မှ သူ့အကောင့် အခိုးခံထားရတယ်ဆိုတာသိတယ်။ အဲဒီအကောင့်ကနေပြီး ပိုက်ဆံတွေလိုက်ချေးနေတာ မချေးနဲ့ဆိုပြီး ကျွန်မကို သိပေးလိုက်တာ” ဟု ကိုယ်တိုင်ကြုံရသည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
Dawei Watch၏ စုံစမ်းမေးမြန်းမှုတို့အရ မတ်လဒုတိယနှင့် တတိယပတ်တို့တွင် ထားဝယ်မြို့ခံ ၁၀ဦးထက်မနည်း Facebook အကောင့်များခိုးယူခံရပြီး ယင်းအကောင့်များမှတစ်ဆင့် ငွေကြေးလိုက်လံလိမ်လည်နေသည်ကို တွေ့ရသည်။
Facebook နှင့် ပတ်သက်သည့် နည်းပညာကျွမ်းကျင်သူတစ်ဦးကမူ လိမ်လည်သူများသည် နည်းပညာဗဟုသုတ အားနည်းသူများကို ချဉ်းကပ်ပြီး Facebook အကောင့်အား ခိုးယူနေကြောင်း ပြောဆိုသည်။
အကောင့်ကိုခိုးယူပြီး ငွေလိမ်မည့်သူသည် Facebook အကောင့်ပိုင်ရှင် ကိုင်ဆောင်သည့် ဖုန်းနံပါတ်ကို တောင်းယူပြီး ယင်းဖုန်းနံပတ်ထံသို့ ဝင်လာသည့် မက်ဆေ့ပါ ဂဏန်းခြောက်လုံးကို ကံစမ်းမဲအကြောင်းပြ သိမ်းသွင်း တောင်းယူကာ အကောင့်ကို ရယူသွားသည့် ဖြစ်စဉ်များကို တွေ့နေရကြောင်း ၎င်းက ဆိုသည်။
Facebook အကောင့်တစ်ခုကို ရရှိလျှင် ယင်းအကောင့်နှင့် သူငယ်ချင်းဖြစ်သူများထံကို ကုတ်နံပါတ်များကို တောင်းယူကာ အကောင်များ ဆက်လက် ခိုးယူကြောင့် တွေ့ရသည်။
Facebook အကောင့် အခိုးခံရသည့် ထားဝယ်မြို့ခံတို့၏ ပြောပြချက်အရလည်း ဖုန်းနံပါတ်ကို ပို့လာသည့် မက်ဆေ့ ဂဏန်းများကို ကံစမ်းမဲနံပါတ်အထင်ဖြင့် ပို့ပေးဖူးကြောင်း ဆိုသည်။
“နံပါတ်ပို့ပေးလိုက်တယ်ဆိုတာက ကျွန်မတို့က (သူငယ်ချင်းဖြစ်သူရဲ့အကောင့်) သူ့အကောင့် အခိုးခံထားရတာကို မသိဘူးလေ။ မသိတဲ့အခါကျတော့ သူ့သမီးလေးမွေးနေ့ အထိမ်းအမှတ် ကံစမ်းမဲဖောက်ပေးမှာဆိုတော့ အော်… ကိုယ့်သူငယ်ချင်းပဲလေ လိမ်မယ့်သူမှ မဟုတ်တာ။ ဒီအတိုင်းပို့ပေးလိုက်မိတာပေါ့။ နောက်မှ အကောင့်အခိုးခံထိ ထားတယ်ဆိုတာ သိတာလေ ကျွန်မတို့က” ဟု အကောင့်အခိုးခံရသူတစ်ဦးက ပြောသည်။
Facebook အကောင့် ခိုးယူပြီးနောက် ယင်းအကောင့်နှင့် ခင်မင်ရင်းနှီးသူများ၊ မိသားစုဝင်များကို လိုက်လံဆက်သွယ်ပြီး ဆေးရုံတက်နေရသဖြင့် အရေးပေါ်ငွေကြေးလိုအပ်နေကြောင်း စသည်ဖြင့် လိမ်လည်ပြောဆိုကာ ပိုက်ဆံချေးငှားခြင်း ပြုလုပ်လာကြသည်။
09686898221၊ 09786374112၊ 09981526776 စသည့် ဖုန်းနံပါတ်များဖြင့် ဖွင့်ထားသည့် Wave Money အကောင့်၊ Kpay အကောင့်များကို ငွေကြေးလိမ်လည်သူတို့က လတ်တလော အသုံးပြုနေသည်ကို Dawei Watch က တွေ့ရှိခဲ့သည်။
ထိုကဲ့သို့ Facebook အကောင့်ခိုးယူ ငွေကြေးလိမ်လည်မှုများ မခံရစေရန် ဖုန်းထဲသို့ဝင်လာသည့် ကိန်းဂဏန်း ကုတ်နံပတ်များကို မည်သူ့ကိုမျှ မပေးရန် လိုအပ်ကြောင်း နည်းပညာကျွမ်းကျင်သူက သတိပေးသည်။
“ဘယ်လောက်ပဲကိုယ်နဲ့ ရင်းနှီးတဲ့သူဖြစ်နေပါစေ။ ဖုန်းနံပါတ်လာတောင်းရင် ပထမအဆင့်အနေနဲ့ ဖုန်းနံပါတ် ပေးလိုက် တာက ဘာမှမဖြစ်သေဘူး။ ဒါပေမဲ့ ဖုန်းနံပါတ်ထဲကိုကျလာတဲ့ မက်ဆေ့တွေကို လုံးဝ၊ လုံးဝ မမျှဝေဖို့၊ မည့်သည့် မက်ဆေ့ ကုတ်ကိုမဆို မမျှဝေဖို့ အဲဒါကတော့ အရေးကြီးဆုံးပေါ့နော်” ဟု ၎င်းက ပြောသည်။
နောက်တစ်ချက်မှာ ဖုန်းပျက်သဖြင့် ဖုန်းပြုပြင်ဆိုင်များတွင် သွားရောက်အပ်နှံပြုပြင်ချိန်တွင်လည်း သတိထားရန် လိုသေးကြောင်း ၎င်းကထပ်လောင်း သတိပေးသည်။
ဖုန်းပြင်ဆိုင်များ အားလုံးကိုမဆိုလိုသော်လည်း မသမာသည့် ဖုန်းပြင်ဆိုင်အချို့သည် မိမိဖုန်းထဲရှိ Facebook Password ကဲ့သို့သော အချက်အလက်များကို ရယူထားပြီး နောက်ပိုင်းတွင် မိမိ Facebook အကောင့်အား ခိုးယူသွား နိုင် ကြောင်း အထက်ပါနည်းပညာကျွမ်းကျင်သူက ဆိုသည်။
လူသိများသည့် ထားဝယ်ဒေသခံ မြေပွဲစားတစ်ဦး၏ Facebook အကောင့်ခိုးယူခံရပြီးနောက် ထားဝယ်ဒေသတွင် အခြား သူများ၏ အကောင့်များလည်း ဆက်တိုက်ခိုးယူခံလာရပြီး ငွေကြေးလိမ်လည်မှုများလာကြောင်းလည်း စုံစမ်းသိရှိရသည်။
ထားဝယ်ဒေသတွင် လတ်တလော အများဆုံးငွေကြေးလိမ်လည်ခံရသည့်ဖြစ်စဉ်မှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ငွေကျပ်သိန်း ၁၂၀ ကျော် အလိမ်ခံလိုက်ရကြောင်း Dawei Watch ၏ စုံစမ်းမေးမြန်းမှုအရ သိရသည်။
“ကျွန်မ (Facebook) အကောင့်အခိုးခံရပြီး တစ်နေ့မပြည့်ခင်မှာကိုပဲ ငါးသိန်း၊ ငါးသိန်း (ကျပ်) လွှဲပေးလိုက်တဲ့သူ နှစ်ယောက်ရှိတယ်” ဟု အမျိုးသမီး အသုံးဆောင်ပစ္စည်းအရောင်းချသူ ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ယင်းအပြင် ငါးသိန်းကျပ်၊ ဆယ်သိန်းကျပ် စသဖြင့် လိမ်လည်ခံလိုက်ရသည့် ထားဝယ်ဒေသခံများလည်းရှိကြောင်း ကိုယ်တိုင်ကြုံရသည့် ကာယကံရှင်တို့က ပြောဆိုကြသည်။
ထားဝယ်မြို့တွင် လတ်တလော Facebook အကောင့်အခိုးခံရပြီး ပြန်လည်ရရှိအောင်လုပ်ဆောင်ပေးသည့် ဝန်ဆောင်ခ အနေဖြင့် အကောင့်တစ်ခုလျှင် တစ်သိန်းကျပ် ဝန်းကျင်ကျပ်ကြောင်း ကိုယ်တိုင်ဝန်ဆောင်မှုပေးသူ ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။