BREAKING
March 29, 2025

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်သောင်းကျော် သုံးလကြာအထိ နေရပ်မပြန်နိုင်သေး

March 26, 2025

ပုံစာ - သိန်ခွန်းရွာက စစ်ဘေးရှောင်များကိုတွေ့ရစဉ်။

တနင်္သာရီမြို့နယ် ကျေးရွာအုပ်စုလေးခုက စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သဖြင့် သုံးလကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံအချို့နှင့် စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ လယ်ပိုင်းမှစတင်ကာ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသဖြင့် ဘန်းလမွတ်၊ ညောင်ပင်ကွင်း၊ သိန်ခွန်းနှင့် ဘန်လောကျေးရွာအုပ်စုများမှ ပြည်သူများ စတင် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ဘန်းလမွတ်၊ ကမ်းတို၊ ရမ်းဖိုနှင့် ညောင်ကုန်းရွာတို့က စစ်ဘေးရှောင်ဦးရေ ၂၅၀၀ကျော်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု ညောင်ပင်ကွင်းနှင့် ထုံမခါရွာတို့က စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော် ရှိကြောင်း စစ်ဘေးရှောင် အရေး ကူညီနေသူများထံမှ သိရသည်။

သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်း၊ ထုံခါး၊ ချောင်းနှစ်ပေါက်၊ ကွမ်းသီးတောနှင့် သဲဖြူရွာတို့က စစ်ရှောင်ဦးရေ ၄၀၀၀ကျော်၊ ဘန်လောကျေးရွာအုပ်စု ဘန်လော၊ ၅မိုင်နှင့် ၆မိုင်ရွာတို့က စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။

အထက်ပါ စစ်ရှောင်များအနက် ဥယျာဥ်ခြံရှိသူများမှာ စိုက်ပျိုးရေးလုပ်ကိုင်နေကြပြီး ဥယျာဉ်ခြံမရှိသူများသည် နီးစပ်ရာ မိတ်ဆွေများ၏ ဥယျာဉ်ခြံအတွင်း တဲထိုး၍နေထိုင်ကြကြောင်း ဘန်းလမွတ်ရွာနေ အသက် ၂၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“လိုအပ်တာတော့ စားသောက်ကုန်ပေါ့။ အခုက ရွာထဲလည်း ဆင်းမရဘူး။ စားရေးသောက်ရေး နည်းနည်းအခက်တွေ့တယ်။ ကျန်းမာရေးက ဆိုးလာရင် အခြားရွာတွေမှာ သွားပြကြတယ်။ နှာစေးချောင်းဆိုး နည်းနည်းပဲဖြစ်ရင် ဆေးခန်းတွေက စပ်ဆေးကို ၁၅ရက်စာ လောက်ကြိုဝယ်ပြီး သုံးတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများအများစုမှာ တောတောင်ဥယျာဉ်ခြံများအတွင်း စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကိုလည်း စိုးရိမ်နေကြကြောင်း သိန်ခွန်းရွာနေ အသက် ၇၄ နှစ်အရွယ် စစ်ရှောင်အဘိုးတစ်ဦးက ပြောဆိုသည်။

“၈၈တုန်းကတောင် ကိုယ့်ဘာသာ အိမ်မှာနေနေရတယ်။ အခုကတော့ အိမ်မှာနေမရ ပြေးမှရတယ်။ အသက်ကို ခြေက ပိုင်တယ်၊ ပြေးနိုင်မှလွတ်မယ်။ ကိုယ့်ဘာသာ လွတ်အောင်ရုန်းရတဲ့ခေတ်ဖြစ်နေပြီ။ အဘိုးတို့ကတော့ ဝါးတောထဲ တဲထိုးပြီး နေတာပေါ့။ လေယာဥ်သံကြားတာနဲ့ မြောင်း၊ တွင်း၊ ဂူရှိရာ ပြေးဝပ်ရတာ” ဟု ၎င်းက ပြောသည်။

သိန်ခွန်းကျေးရွာအုပ်စုတွင် ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည့် ရောဂါများအဖြစ်များနေပြီး ဆေးဝါး အလုံအလောက် မရှိသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ထို့အပြင် ဆန်၊ ဆီနှင့် အသင့်စား စားသောက်ကုန်များအပါအဝင် စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေကြောင်း ၎င်းကပြောသည်။

“သိန်ခွန်းရွာနဲ့ အနီးအနားရွာတွေက စစ်ရှောင်တွေကတော့ ဟိုရွာပြေးလိုက်။ လေယာဥ်လာကြဲရင် နောက်တစ်ရွာ ပြောင်းလိုက်ဆိုတော့ ဖြစ်နိုင်ရာ (အမိုးအကာလုပ်ရန်) တာလပတ်တွေလည်း လိုတယ်” ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သိန်ခွန်းရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ သုံးလကျော် ရှိလာပြီဖြစ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများတွင် တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။