BREAKING
March 29, 2025

ထားဝယ်တွင် ငါးဖမ်းလှေပေါ် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

March 26, 2025

ထားဝယ်ခရိုင်အနီးရှိ ပင်လယ်ပြင်တွင် ဝါလတ်ငါးဖမ်းလှေတစ်စီးပေါ် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။

ခိုင်လင်းစိုး ၁၀၈ အမည်ရှိ ဝါလတ်ငါးဖမ်းလှေသည် မတ်လ ၂၅ ရက် နံနက်ပိုင်းက ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် လှေပေါ်တွင် လူသတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦနိုင်မျိုးသွင်က ပြောသည်။

“မနေ့က ညနေလောက်မှာ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ လှေကတော့ စမ်းလှမ်းကို ည ၁၁နာရီလောက်မှ ဝင်တယ်။ ဒီမနက် ကမြောကင်းတံတားဖွင့် ဖွင့်ချင်းပဲ DB (ရုပ်အလောင်း) နဲ့ ဒဏ်ရာရသူတွေကို သွားသယ်လာတယ်” ဟု ၎င်းက ဆိုသည်။

ငါဖမ်းလှေ ငါးဆွဲနေချိန် ပဲ့နင်းငယ်ဖြစ်သူ ဦးမောင်မြင့်အောင်က အိုးသူကြီးကို ပိုက်လှီးဓါးဖြင့် လည်ပင်းကို စတင် လှီးဖြတ် ရာမှ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ကြောင်း အဆိုပါ ငါးဖမ်းလှေနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက လှေလုပ်သားများ၏ထံမှ သိရသည်ကို ပြောဆိုသည်။

“အိုးသူကြီးကို လည်ပင်းကို ဓားနဲ့အရင်သွားလှီးတာ။ (ပဲ့နင်းငယ်) သူကို ခါးနာလို့ဆိုပြီး နားခိုင်းထားတာ။ (အိုးသူကြီးကို လှီးပြီးမှ) ပြီးတော့မှ သူက ပိုက်ပေါ်မှာ အိပ်နေတဲ့သူကို ဓားနဲ့ထပ်သွားထိုးသေးတာ။ အဲဒီမှာ ပဲ့နင်းက လာခွဲတော့ ပဲ့နင်းနဲ့ ကျန်တဲ့သူတွေပါ ဝိုင်းခွဲတော့ အဲဒီမှာထိသွားကြတာ” ဟု ၎င်းက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့် စတင်တိုက်ခိုက်ခဲ့သည်ကိုမူ သေသေချာချာ မသိရသေးပေ။

ဓားဖြင့်ထိုးသည်ကို ဝင်ဆွဲစဉ် ပဲ့နင်း ဦးနိုင်ကျော်စိုးနှင့် ရေရှူး (လှေလုပ်သားခေါင်းဆောင်) ဦးသန်းထိုက်တို့လည်း ဓားဒဏ်ရာဖြင့် သေဆုံးပြီး ဓားဖြင့်တိုက်ခိုက်သည့် ပဲ့နင်းငယ် ဦးမောင်မြင့်အောင်လည်း သေဆုံးကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

အိုးသူကြီးဖြစ်သူ ကိုမင်းထိုက်စိုးနှင့် လှေလုပ်သားတစ်ဦးဖြစ်သည့် ကိုယုယတို့ ဒဏ်ရာရကြောင်း ဦးနိုင်မျိုးသွင်က ပြောဆိုသည်။

“သေတဲ့သူတွေက ဗိုက်ပွင့်၊ ရင်ဘက် ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာတွေ ရကြတယ်။ ဒဏ်ရာရသူတစ်ဦး ကတော့ နည်းနည်းပြင်းတယ်၊လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ဝမ်းဗိုက်ဒဏ်ရာရကြတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

သေဆုံးသူအနက် နှစ်ဦးမှာ လောင်းလုံးမြို့ နယ် မောင်းမကန်ကျေးရွာသားဖြစ်ပြီး နောက်တစ်ဦးမှာ မြိတ်ဇာတိတစ်ဦး ဖြစ်ကာ ဒဏ်ရာရရှိသူနှစ်ဦးမှာ မောင်းမကန်ရွာသားများ ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရုပ်အလောင်းများနှင့် ဒဏ်ရာရှိသူများကို တနင်္သာရီတိုင်း ကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့၊ ရင်ခုန်သံ အရေးပေါ်လူနာတင်ယာဉ်အသင်း၊ ကရုဏာမေတ္တာရှင်အရေးပေါ်လူနာတင်ယာဉ်အသင်းတို့က လူနာတင်ယာဉ်လေးစီးဖြင့် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ အနီးပင်လယ်ပြင်မှ ထားဝယ်ဆေးရုံကြီးသို့ ယနေ့ မတ်လ ၂၆ ရက် ယနေ့ နံနက် ပိုင်းတွင် သွားရောက်ကူညီသယ်ဆောင်ပေးခဲ့ကြောင်း အထက်ပါအသင်းအဖွဲ့များထံမှ သိရသည်။