BREAKING
March 29, 2025

ထိုင်းဝန်ကြီးချုပ်အား အယုံအကြည်မရှိ အဆို ရှုံးနိမ့်

March 26, 2025

ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရပ်အား အယုံအကြည်မရှိအဆိုကို လွှတ်တော်အတွင်း ယနေ့ မဲခွဲဆုံးဖြတ်ရာ ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။

ဝန်ကြီးချုပ်ပေထုန်တန် ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကို အတိုက်အခံဘက်က ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လာခဲ့ပြီး နှစ်ရက်အကြာတွင် ယင်းသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပေထုန်တန်၏ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်အတွင်း နေရာပေါင်း ၅၀၀ အနက်မှ ၃၂၀ နေရာကို ထိန်းချုပ်ထားသည်။ အယုံအကြည်မရှိအဆို အောင်မြင်ရန်မှာ မဲပေးသည့် အောက်လွှတ်တော်အမတ်များ၏ ထက်ဝက်ကျော်ထံမှ ထောက်ခံမဲ ရရှိရန် လိုအပ်သည်။

မဲခွဲဆုံးဖြတ်မှုရလဒ်မှာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲနှင့် ကြားနေမဲ ၇ မဲ ရှိရာ မစ္စပေထုန်တန်အား ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုမှာ ပေထုန်တန်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအတွက် ပထမဆုံးပေါ်ပေါက်လာသည့် စိန်ခေါ်မှု ဖြစ်သည်။

တိုင်းပြည်စီးပွားရေးကို ညံ့ဖျင်းစွာ စီမံမှု ၊ အခွန်ရှောင်မှု ၊ သူမ၏ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာအား အစိုးရအဖွဲ့အတွင်း ဝင်ရောက်ခြယ်လှယ်စေမှု စသည့် ဝေဖန်စွပ်စွဲချက်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း အဆိုပါ ဝေဖန်မှုများက သူမ၏ အစိုးရကို အားနည်းသွားစေနိုင်ဖွယ်မရှိကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။

လွှတ်တော်အတွင်း နေရာအများဆုံး အနိုင်ရထားသည့် အတိုက်အခံ ပြည်သူ့ပါတီက မစ္စပေထုန်တန်နှင့် ဖခင်ဖြစ်သူ၏ နီးကပ်သည့် ဆက်ဆံရေးအပေါ် အဓိကဦးတည်တိုက်ခိုက်ခဲ့သည်။ ပေထုန်တန်က သူမသည် ဖခင်ဖြစ်သူထံမှ အကြံဉာဏ်မျှသာ ရယူကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။

“ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ စွမ်းရည်နဲ့ အားထုတ်မှုတွေကို သုံးသပ်ကြဖို့ ရှင်တို့ အားလုံးကို ကျွန်မ တောင်းဆိုတယ်။ ဝေဖန်တာက အလုပ်နဲ့ပတ်သက်တာပဲ ဖြစ်သင့်တယ်။ အဲဒါက ဒီလွှတ်တော်နဲ့ တိုင်းပြည်အတွက် ပိုအကျိုးရှိလိမ့်မယ်”ဟု သူမက ယမန်နေ့က လွှတ်တော်တွင် ပြောခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ မစ္စပေထုန်တန်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

လူထုစစ်တမ်းရလဒ်များအရ သူမအပေါ် ထောက်ခံမှု သိပ်မများသည့်အပြင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် နိုင်ငံရေးဝေဖန်ချက်အစီအစဉ်များတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည့် သူမသည် အယုံအကြည်မရှိ အဆိုကို ကျော်ဖြတ်နိုင်ခဲ့သည်။

နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် သူမ၏ ညွန့်ပေါင်းအဖွဲ့တွင် သူမအား ဆန့်ကျင်သည့် သဘောထားများ ထင်ထင်ရှားရှား မတွေ့ရပေ။

Source: Reuter